နယူးယောက်စီးတီး (သို့) နယူးယောက် ဟုခေါ်လေ့ရှိကြသော နယူးယောက်မြို့သည် အမေရိကန်၏ အကြီးဆုံး နှင့် လူဦးရေအများဆုံးမြို့ကြီးဖြစ်သည်။ နိုင်ငံ၏ အရှေ့မြောက်ပိုင်း ၊ နယူးယောက်ပြည်နယ်၏ တောင်ပိုင်းစွန်းတွင် တည်ရှိသည်။
မြို့၏ကုန်းမြေဧရိယာမှာ ၃၀၀ စတုရန်းမိုင်ဖြစ်ပြီး ၂၀၁၉ ခုနှစ် စာရင်းအရ မြို့ပေါ်နေလူဦးရေ ၈.၃ သန်းကျော် ရှိသည်။ နယူးယောက်ဒေသ တခုလုံးတွင်မှု နေထိုင်သူဦးရေ ၂၂ သန်းကျော် ရှိလေသည်။ လူဦးရေ ထူထပ်လွန်းပြီး ၁မိုင်ပတ်လည်တွင် နေထိုင်သူ ၂၇၇၅၅ ဦး ခန့် ရှိသည်။
ကမ္ဘာလုံး ဆိုင်ရာ မြို့တော် တစ်ခု ဖြစ်ပြီး နယူးယောက်မြို့တော်အား ကမ္ဘာ၏ ယဉ်ကျေးမှုဆိုင်ရာ ၊ ငွေကြေးဆိုင်ရာ နှင့် မီဒီယာဆိုင်ရာ မြို့တော် တစ်ခု အဖြစ် သတ်မှတ်ကြပြီး alpha++ အဆင့် သတ်မှတ်ခံရသော မြို့ကြီး ၂ ခု အနက်က တခုဖြစ်လေသည်။( ကျန်တခုမှာ ယူနိုက်တက်ကင်းဒမ်း လန်ဒန်မြို့ ဖြစ်သည်)
ကူးသန်းရောင်းဝယ်ရေး ၊ ဖျော်ဖြေရေး၊ သုတေသန၊ နည်းပညာ၊ ပညာရေး၊ နိုင်ငံရေး၊ ကမ္ဘာလှည့် ခရီးသွားလုပ်ငန်း၊ အနုပညာ၊ ဖက်ရှင် နှင့် အားကစားတို့အပေါ်တွင် သိသာထင်ရှားသော ရိုက်ခတ်လွှမ်းမိုးမှု ရှိသော မြို့တစ်မြို့ ဖြစ်သည်။

နယူးယောက်သည် ကမ်းရိုးတန်းဒေသဖြစ်၍ ဟက်ဆန်မြစ် နှင့် အတ္တလန္တိတ်သမုဒ္ဒရာတို့ဆုံရာတွင် ရှိသော ဆိပ်ကမ်းသည် ကမ္ဘာ့အကြီးဆုံး သဘာ၀ ဆိပ်ကမ်းကြီးများအနက် တခုအပါအဝင် ဖြစ်လေသည်။
နယူးယောက်မြို့တော်၏ အဆောက်အအုံအများစုသည် လောင်းကျွန်း ၊ မန်ဟတ်တန် နှင့် စတာတန် ဟူသော ကျွန်း ၃ကျွန်းပေါ်တွင် တည်ရှိနေပေသည်။
နယူးယောက်မြို့၏ သဘာဝအတိုင်း အမြင့်ဆုံးနေရာမှာ စတာတန်ကျွန်းရှိ Todt ကျောက်ဆောင် တောင်ကုန်းဖြစ်ပြီး အမြင့် ၄၀၁ပေ ခန့် ရှိသည်။
နယူးယောက်မြို့တွင် ဘားရာ ဟု ခေါ်သော ဒေသအပိုင်းအခြား ၅ ခု ပါဝင်ပြီး ထိုဒေသ ၅ ခုမှာ ဘရောင့်စ်၊ ဘရွတ်ကလင်၊ မန်ဟတ်တန်၊ ကွင်းစ် နှင့် စတေတန်အိုင်းလန်း တို့ ဖြစ်ကြသည်။
ယခု နယူးယောက်မြို့ရှိရာ ဒေသ သို့ ပထမဆုံးရောက်ခဲ့သော ဥရောပတိုက်သားမှာ ၁၅၂၄ ခုနှစ်က ရောက်ရှိလာခဲ့သော အီတလီနယ်မြေသစ်ရှာဖွေသူ Giovanni da Verrazzano ဖြစ်သည်။
၁၆၂၄ ခုနှစ်တွင် မန်ဟတ်တန်အောက်ပိုင်း ဒေသကို ဒတ်ချ်တို့က ထိန်းချုပ်ထားပြီး ကုန်သွယ်ရေးစခန်းအဖြစ် တည်ထောင်ခဲ့သည်။ ထိုနေရာအား ၁၆၂၆တွင် နယူးအမ်စတာဒမ်ဟု အမည်ပေးခဲ့သည်။
၁၆၆၄ တွင် မြို့တော်နှင့် ပတ်ဝန်းကျင်ဒေသတို့ အင်္ဂလိပ်တို့၏ ထိန်းချုပ်မှု အောက်သို့ ရောက်ရှိခဲ့ပြီး အင်္ဂလန်ရှိ ဒုတိယမြောက် ချားလ်ဘုရင်မှ ၎င်း၏ ညီအစ်ကို တော်စပ်သူ ယောက်မြို့စားကြီး အား ပေးအပ်ရာမှ နယူးယောက်ဟု အမည် ပြောင်းလဲခဲ့သည်။
ယနေ့ ဘရွတ်ကလင်းဒေသတွင် ၁၇၇၆ ခုနှစ် သြဂုတ်လက ဖြစ်ပွားခဲ့သော လောင်းကျွန်းတိုက်ပွဲသည် အမေရိကန်လွတ်မြောက်ရေးတိုက်ပွဲများအနက် အကြီးဆုံးတိုက်ပွဲဖြစ်ခဲ့သည်။ ထိုတိုက်ပွဲတွင် ဗြိတိသျှတို့ အနိုင်ရပြီး နယူးယောက်ဆိပ်ကမ်းကို ထိန်းချုပ်ထားခဲ့ကြသည်။
နယူးယောက်သည် ၁၇၈၅ မှ ၁၇၉၀ အထိ အမေရိကန်ပြည်ထောင်စု၏ မြို့တော် ဖြစ်ခဲ့သည်။ ၁၇၉၀ ခုနှစ်မှစ၍ အမေရိကန်နိုင်ငံ၏ အကြီးဆုံးမြို့အဖြစ် တည်ရှိလာခဲ့ခြင်း ဖြစ်သည်။
၁၉ ရာစုအတွင်းတွင် ဥရောပမှ ဝင်ရောက်နေထိုင်သူများပြားလာသလို အဓိက ကုန်သွယ်ရေးဗဟိုဌာန ဖြစ်လာခဲ့ပြီး များပြားလှသော အဆောက်အအုံများ တည်ဆောက်ခြင်းနှင့်အတူ နယူးယောက်သည် အလျှင်အမြန်တိုးတက်ပြောင်းလဲ လာခဲ့သည်။
၂၀ ရာစုရောက်ရှိလာချိန်တွင် ယနေ့ နယူးယောက်၏ ဖွဲ့စည်းမှုပုံစံဖြစ်လာခဲ့သည်။ ၁၈၉၅ ခုနှစ်တွင် ထိုဒေသတဝိုက်ရှိ သီးခြားစီတည်ရှိနေသော မြို့များသည် မန်ဟတ်တန် နှင့် ပူးပေါင်းလိုက်ပြီး Greater New York ဖြစ်လာခဲ့လေသည်။
နယူးယောက်မြို့သည် အလွန်ကျော်ကြားခြင်းနှင့်အတူ “The Great American Melting Pot,” “Gotham,” “The City that Never Sleeps” , ‘The City of Dreams,’ ‘Empire City’ စသော နာမည်ပြောင်များစွာကိုလည်း ရရှိခဲ့သည်။ ထိုနာမည်များအနက် အကျော်ကြားဆုံးမှာ Big Apple ဖြစ်သည်။
နယူးယောက်၏ အကျော်ကြားဆုံး လူအစည်ကားဆုံးနေရာတခုမှာ Times Square ဖြစ်သည်။ Broadway နှင့် Seventh Avenue လမ်းဆုံတွင်တည်ရှိသည်။ စီးပွားရေးဆိုင်ရာ ၊ ဖျော်ဖြေရေးဆိုင်ရာ လုပ်ငန်းပေါင်းများစွာ၏ ဆုံမှတ်ဖြစ်သည်။ ကမ္ဘာပေါ်တွင် ခရီးသွားလာရောက်လည်ပတ်မှု အများဆုံးနေရာတွေအနက်က တခုဖြစ်ကာ နှစ်စဉ် လာရောက်သူပေါင်း သန်း ၅၀ ခန့် ရှိသည်။
Times Square နှင့် ၎င်းနှင့် လမ်းဆုံရာတွင် ရှိသော မီးများ ထိန်ထိန်ညီးအောင် ထွန်းညှိထားသော ဘရော့ဒ်ဝေး ဇာတ်ရုံရပ်ကွက် တို့သည် ကမ္ဘာပေါ်တွင် ခြေလျှင်ခရီးသွား အများပြားဆုံး လူသွားလမ်းဆုံ တစ်ခု ဖြစ်ကာ ကမ္ဘာ့ဖျော်ဖြေရေး လုပ်ငန်းများ၏ အဓိက နေရာတစ်ခု ဖြစ်သည်။ နှစ်သစ်ကူးချိန်တွင် ထိုနေရာ၌ လူပေါင်း ၁ သန်းခန့် စုစည်းကာ ပျော်ပွဲရွှင်ပွဲများ ဆင်နွဲလေ့ရှိသည်။
နယူးယောက်နှင့်အတူ နောက်ထပ် ယှဉ်တွဲ၍ မြင်ရလေ့ရှိသည့် အရာမှာ လေဘာတီ ရုပ်တုကြီးဖြစ်သည်။ လေဘာတီရုပ်တုကြီးသည် နယူးယောက်ဆိပ်ကမ်းအနီး လေဘာတီကျွန်းပေါ်တွင် တည်ရှိပြီး မြေပြင်မှ အမြင့်ပေ ၃၀၅ ပေ ခန့်အထိ မြင့်သည်။ ထိုရုပ်တုကြီးသည် အမေရိကန် လွတ်လပ်ရေး အထိမ်းအမှတ်အတွက် ပြင်သစ်ပြည်သူများမှ ပေးပို့လိုက်သော လက်ဆောင်လည်း ဖြစ်သည်။
နယူးယောက်မြို့ရှိ အဆောက်အအုံများအနက် နာမည်အကျော်ဆုံး အဆောက်အအုံတခုမှာ အင်ပါယာစတိတ် အဆောက်အဦးဖြစ်သည်။ ဧရိယာစတုရန်းပေ ၂.၂သန်း ရှိပြီး အမြင့် ၁၄၅၄ပေ ၊ အထပ်ပေါင်း ၁၀၂ ထပ် ရှိသော ဧရာမ အဆောက်အဦးကြီးဖြစ်သည်။
ဤမျှကြီးမားသော အဆောက်အဦးကြီးကို ၁၉၃၁ ခုနှစ်ကတည်ဆောက်ခဲ့ပြီး တည်ဆောက်ချိန် ၁နှစ်ခန့်သာ ကြာမြင့်သည်မှာ အံသြဖွယ်ပင်ဖြစ်သည်။ မြို့ပြအင်ဂျင်နီယာလောက ကမ္ဘာ့အံ့ဖွယ် ၇ ခု တွင် ထည့်သွင်းရွှေးချယ်ခံရသော အဆောက်အဦးလည်း ဖြစ်သည်။
နယူးယောက်မြို့လယ်ခေါင်ရှိ One World Trade Center အဆောက်အဦးသည် ပြန်လည်တည်ဆောက်ထားသော အဆောက်အဦးဖြစ်သည်။ မူလက အမွှာညီနောင်မျှော်စင် ဟုခေါ်သော ကမ္ဘာ့ကုန်သွယ်ရေးဗဟိုဌာနသည် ၂၀၀၁ ခုနှစ်က လေယာဉ်ဖြင့် တိုက်ပြီး ဖျက်စီးခံခဲ့ရပြီး လူပေါင်း ၃၀၀၀ နီးပါး အသက်ဆုံးရှုံးခဲ့ရသည်။
ပြန်လည်တည်ဆောက်ထားသော အဆောက်အအုံသည် ၁၇၇၆ပေ မြင့်ပြီး အထပ်ပေါင်း ၉၄ ထပ် ပါဝင်သည်။ ကမ္ဘာပေါ်တွင် ၆ ခု မြောက် အမြင့်ဆုံး အဆောက်အဦးလည်း ဖြစ်သည်။
မိုးမျှော်အဆောက်အအုံများနှင့် ပြည့်နေသော နယူးယောက်မြို့လယ်ခေါင်တွင် ပန်းခြံကြီးတခု ရှိနေပြီး နယူးယောက်စင်ထရယ်ပါ့ခ် ဟု နာမည်ကျော်သည်။ ၁၈၅၇ ခုနှစ်က ဗိသုကာပညာရှင်များ ဒီဇိုင်းဆွဲကာ ပုံဖော်ခဲ့သော ထိုပန်းခြံကြီးသည် ၈၄၃ ဧက ကျယ်ဝန်းသည်။
သစ်ပင်များ ၂သောင်းကျော် နှင့် ရေကန်များ ပါဝင်ပြီး တိရစ္ဆာန်ငယ်လေးများလည်း ရှိသည်။ ထိုပန်းခြံကြီးတွင် နှစ်စဉ် လာရောက်အပန်းဖြေသူပေါင်း သန်း ၄၀ ကျော် ရှိလေသည်။
နယူးယောက်တမြို့လုံးတွင် ဥမင်လိုဏ်ခေါင်း နှင့် တံတားအစင်းပေါင်း ၂၀၀၀ ကျော် ရှိလေသည်။ ထိုထဲတွင် အကျော်ကြားဆုံးမှာ ဘရွတ်ကလင်းတံတားကြီးဖြစ်သည်။
စုစုပေါင်း အလျား ၆၀၁၆ပေ ၊ အကျယ် ၈၅ပေ ၊ အမြင့် ၂၇၂ပေ ရှိသော တံတားကြီးသည် East မြစ်ကို ဖြတ်ထိုးထားသည်။ ထိုတံတားကြီးကို ၁၈၈၃ ခုနှစ်(လွန်ခဲ့သော နှစ်ပေါင်း ၁၃၈နှစ်) က တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ထိုအချိန်က မြန်မာဘုရင် သီပေါမင်းပင် ပါတော်မမူသေးချေ။
နယူးယောက်မြို့နှင့် ပူးတွဲမြင်တွေ့ရသော နောက်ထပ်သင်္ကေတ တခုမှာ အဝါရောင် အငှားယာဉ်များ ဖြစ်ကြသည်။ တမြို့လုံးတွင် မှတ်ပုံတင်ထားသည့် အဝါရောင်အငှားကားပေါင်း ၁၃၀၀၀ ကျော် ရှိပြီး ကားအားလုံးသည် ခရက်ဒစ်ကဒ်ဖြင့် ကျသင့်ငွေကို ရှင်းနိုင်ပေသည်။ အဝါရောင်အငှားကားများသည် နယူးယောက်တွင် လွန်ခဲ့သောနှစ်ပေါင်း ၁၀၀ (၁၉၂၀ ဝန်းကျင်) ခန့်ကတည်းက ရှိနေနှင့်ပြီ ဖြစ်သည်။
နယူးယောက်မြို့ မြေအောက်ရထားကို ၁၉၀၄ ခုနှစ်ကတည်းက စတင်ဖွင့်လှစ်ခဲ့ပြီး ရှေးအကျဆုံး မြေအောက်ရထားထဲက တခုဖြစ်သည်။ ယနေ့အခါတွင် အမြန်ဆုံးနှုန်း ၁နာရီ ၅၅ မိုင် ရှိသော နယူးယောက် ရထားများသည် လမ်းကြောင်းပေါင်း ၃၆ ခု အထိ ရှိလာပြီဖြစ်သည်။ ဘူတာရုံပေါင်း ၄၇၂ ခု ရှိပြီး ၂၀၁၇ ခုနှစ်က ဆိုလျှင် စီးနင်းသူအရေတွက်မှာ ၁.၇ ဘီလျံကျော် ရှိလေသည်။
နယူးယောက်တွင် ပြတိုက်ပေါင်းများစွာ ရှိသည့်အနက် Metropolitan အနုပညာပြတိုက်သည် အထင်ရှားဆုံးဖြစ်သည်။ အမေရိကန်၏ အကြီးဆုံး အနုပညာပြတိုက်ကြီးဖြစ်ပြီး လွန်ခဲ့သောနှစ်ပေါင်း ထောင်ချီကာလက ပစ္စည်းများ အပါအဝင် ကမ္ဘာတဝှမ်းမှ ရှေးဟောင်းပစ္စည်း ၂သန်းကျော်ကို စုဆောင်းပြသထားသည်။ ဌာနပေါင်း ၁၇ ခု ခွဲခြားပြသထားပြီး နှစ်စဉ်လူပေါင်း ၁သန်းကျော် လာရောက်လည်ပတ်လျက်ရှိသည်။
နယူးယောက် စာကြည့်တိုက်ကြီးသည် အမေရိကန်တွင် ဒုတိယ ၊ ကမ္ဘာတွင် စတုတ္ထမြောက် အကြီးဆုံး ပြတိုက်ကြီးဖြစ်သည်။ ၁၈၉၅ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့ပြီး စာအုပ်ပေါင်း ၅၅ သန်းကျော် စုဆောင်းထားရှိသည်။ လွန်စွာကြီးမားသဖြင့် ဝန်ထမ်းပေါင်း ၃၀၀၀ ကျော် ခန့်ထားရပြီး နှစ်စဉ် လာရောက်လေ့လာပေါင်း ၃သန်းခွဲ ခန့်ရှိသည်။
စီးပွားရေးမြို့တော်ဖြစ်သည့် နယူးယောက်တွင် Wall Street သည် ကမ္ဘာကျော်သည်။ Wall Street သည် အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့ရှိ ငွေရေးကြေးရေး လုပ်ငန်းများ စုဝေးရာ ရပ်ကွက်ဖြစ်ပြီး မန်ဟတ်တန် (Manhattan) အောက်ပိုင်း ဘရော့ဒ်ဝေးလမ်း (Broadway) မှ အရှေ့ဖက်သို့ တောင်လမ်း (South Street) အထိ ရှည်လျားသည်။
ကမ္ဘာ့အကြီးဆုံး စတော့အိတ်ချိန်းဖြစ်သည့် နယူးယောက်စတော့ အိတ်ချိန်း နှင့် အတူ ဘဏ်ပေါင်းများစွာ၏ ရုံးချုပ်များတည်ရှိသည်။ အချိန်ကာလ ကြာမြင့်လာသည်နှင့် အမျှ wall street သည် အမေရိကန်၏ ငွေရေးကြေးရေး ဈေးကွက်တစ်ရပ်လုံးကို ကိုယ်စားပြုသည့် ဝေါဟာရ ဖြစ်လာသည်။
နယူးယောက်တွင် ခရစ်ယာန် ဘုရားကျောင်းပေါင်း ၂၀၀၀ ကျော် ရှိသည့်အနက် စိန့်ပတ်ထရစ်ဘုရားကျောင်းသည် အကြီးဆုံးဖြစ်သည်။ ၁၈၇၈ ခုနှစ်တွင် တည်ဆောက်ပြီးစီးခဲ့သော ထိုဘုရားကျောင်းကြီးသည် အလျား ၃၉၆ပေ ၊ အကျယ် ၁၇၄ ပေ အမြင့် နှင့် အမြင့် ၃၂၉ပေ ရှိသည်။ ဘုရားကျောင်းကြီးတွင် ခေါင်းလောင်းပေါင်း ၁၉ လုံး ရှိနေပြီး အမေရိကန်၏ သမိုင်းဝင်အမွေအနှစ်အဆောက်အအုံလည်း ဖြစ်သည်။
နယူးယောက်မြို့တွင် ဘာသာစကား ၈၀၀ ကျော်ကို ပြောဆိုလျှက်ရှိကြ သဖြင့် ကမ္ဘာပေါ်တွင် ဘာသာစကားအားဖြင့် အကွဲပြားဆုံး မြို့တော်အဖြစ် တည်ရှိသည်။ နယူးယောက်မြို့တော်သည် အမေရိကန်ပြည်ထောင်စု ပြင်ပတွင် မွေးဖွားသော လူ ၃.၂ သန်းကျော်တို့ နေထိုင်ရာမြို့ ဖြစ်သဖြင့် ကမ္ဘာပေါ်တွင် နိုင်ငံခြားတွင် မွေးဖွားသူ အများဆုံး နေထိုင်ရာ မြို့တစ်မြို့လည်း ဖြစ်သည်။
၂၀၁၉ ခုနှစ်တွင် နယူးယောက် မက်ထရိုပိုလစ်တန် ဒေသ၏ စုစုပေါင်း မက်ထရိုပိုလစ်တန် ဂျီဒီပီမှာ အမေရိကန် ဒေါ်လာ ၁.၉ ထရီလီယံ မျှ ရှိသည်။ အကယ်၍ နယူးယောက်မြို့တော်သာ နိုင်ငံတစ်နိုင်ငံဖြစ်ခဲ့မည် ဆိုပါက ကမ္ဘာပေါ်တွင် ဂျီဒီပီအားဖြင့် ၁၂ ခုမြောက် အမြင့်ဆုံး နိုင်ငံ တစ်ခု ဖြစ်ပေလိမ့်မည်။
နယူးယောက်သည် ကမ္ဘာပေါ်ရှိ မြို့တော်များတွင် ဘီလျံနာ သူဌေး အများဆုံး မြို့ဖြစ်သည်။ ၂၀၂၀ ခုနှစ်စာရင်းအရ နယူးယောက် မြို့တွင် ဘီလျံနာ ၉၉ ယောက်နေထိုင်ကြသည်။
၁ရာစုတွင် နယူးယောက်သည်တီထွင်ဆန်းသစ်မှု နှင့် စွန့်ဦးတီထွင် လုပ်ကိုင်ဆောင်ရွက်မှု၊ လူမှုရေးဆိုင်ရာ သည်းခံမှုနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ရေရှည်မျှော်ရည်ထိန်းသိမ်းနိုင်မှု တကမ္ဘာလုံး၏ ဆုံချက်တစ်ခု ဖြစ်ရုံသာမက လွတ်လပ်မှု နှင့် ယဉ်ကျေးမှု ပေါင်းစုံ ကွဲပြားခြားနားနေမှု၏ ပြယုဂ်တစ်ခုလည်း ဖြစ်သည်။
ကမ္ဘာပေါ်တွင် အကြီးဆုံး ရွှေသိုလှောင်မှု အဆောက်အအုံသည် နယူးယောက်တွင် ရှိသည်။ မန်ဟတ်တန်ငွေကြေးရပ်ကွက်ရှိ Federal Reserve ဘဏ် အဆောက်အအုံဖြစ်ပြီး သိုလှောင်ခန်းသည် လမ်း၏ အောက်ဘက်ပေ ၈၀ တွင် တည်ရှိသည်။ ထိုသိုလှောင်ခန်းထဲတွင် အမေရိကန် ၉၀ ဘီလျံ တန်ဖိုးရှိသော ရွှေများကို သိုလှောင်ထားသည်ဟု သိရသည်။
နယူးယောက်သည် အစ္စရေးနိုင်ငံပြီးလျှင် ဂျူးလူမျိုးများ အများဆုံးနေထိုင်ရာမြို့ဖြစ်သည်။ မြို့ပေါ်နေ ဂျူးလူမျိုး ၁.၁ သန်းခန့်ရှိပြီး နယူးယောက်ပြည်နယ်တခုလုံးတွင်မူ ၂သန်း ဝန်းကျင်အထိ နေထိုင်ကြသည်။
၂၀၁၉ ခုနှစ်တွင် တကမ္ဘာလုံးရှိ မြို့ကြီးပေါင်း ၄၈မြို့မှ လူပေါင်း ၃၀,၀၀၀ တို့အား စစ်တမ်းကောက်ခံရာတွင် မြို့တော်၏ ယဉ်ကျေးမှုဆိုင်ရာ ကွဲပြားခြားနားမှုများကြောင့် ကမ္ဘာပေါ်တွင် အကြီးကျယ် အခမ်းနားဆုံး မြို့အဖြစ် မဲပေး ရွေးချယ်ခြင်း ခံရသည်။
နယူးယောက်မြို့တွင် ကောလိပ်နှင့် တက္ကသိုလ်ပေါင်း ၁၂၀ ကျော် ရှိပြီး ကမ္ဘာ့တက္ကသိုလ်များ အဆင့်သတ်မှတ်ရာတွင် ထိပ်ဆုံး၌ ပါဝင်သော ကိုလံဘီယာတက္ကသိုလ်၊ နယူးယောက်တက္ကသိုလ် နှင့် ရော့ခ်ဖဲလား တက္ကသိုလ်တို့ ပါဝင်သည်။
Wikipedia , Justfanfacts