ကမ္ဘာ့ဒုတိယအကြီးဆုံး ကနေဒါရဲ့ စိတ်ဝင်စားဖွယ် ၁၀ ချက်

ဒီတခါတော့ မြောက်အမေရိကနိုင်ငံတခုဖြစ်တဲ့ ကနေဒါရဲ့ စိတ်ဝင်စားဖွယ် အချက်အလက်တချို့ကို ဝေမျှလိုက်ပါတယ်။

၁။ ကနေဒါဟာ ဥရောပသမဂ္ဂထက် ဧရိယာ ပိုကြီးပါတယ်။

ဥရောပနိုင်ငံတွေကိုဖွဲ့စည်းထားတဲ့ ဥရောပသမဂ္ဂ အဖွဲ့အစည်းမှာ နိုင်ငံပေါင်း ၂၇ နိုင်ငံပါဝင်ပါတယ်။ အဲဒီအဖွဲ့အစည်းကြီးတခုလုံးဧရိယာတွေပေါင်းရင်တောင် ကနေဒါကို မမီပါဘူး။ ဥရောပသမဂ္ဂရဲ့စုစုပေါင်း ဧရိယာက စတုရန်းမိုင်ပေါင်း ၁.၆ သန်းကျော်ဖြစ်ပြီး ကနေဒါရဲ့ ဧရိယာကစတုရန်းမိုင်ပေါင်း ၃.၈ သန်းကျော် ဖြစ်တာကြောင့် ၂ ဆကျော် ပိုကြီးပါတယ်။ ဒါကြောင့်လည်း ကနေဒါဟာ ရုရှားပြီး ကမ္ဘာပေါ်မှာ ဒုတိယအကြီးဆုံး နိုင်ငံ ဖြစ်နေတာပါ။

၂။ လူဦးရေသိပ်သည်းမှု အလွန်နည်းပါးပါတယ်။

ကနေဒါနိုင်ငံရဲ့လူဦးရေဟာ နိုင်ငံရဲ့ဧရိယာနဲ့ နှိုင်းယှဉ်ပါက လူနေထိုင်မှု အလွန်နည်းပါးတဲ့ နိုင်ငံလို့ ဆိုရမှာပါ။ တနိုင်ငံလုံးမှာ လူဦးရေ ၃၈ သန်း ဝန်းကျင် ရှိပေမယ့် လူနေထိုင်မှု သိပ်သည်းဆကို တွက်ကြည့်ပါက ၁ မိုင် ပတ်လည်ဧရိယာအတွင်းမှာ လူ ၁၀ ဦးခန့်သာ နေထိုင်ပါတယ်။ ကနေဒါရဲ့ လူနေထူထပ်မှုဟာ ကမ္ဘာပေါ်မှာတော့ ၁၈၅ နိုင်ငံမြောက် ဖြစ်ပါတယ်။ နေထိုင်သူအားလုံးနီးပါးဟာ မြို့ပြဧရိယာတွေထဲမှာသာ နေထိုင်ကြပြီး အပြင်ဘက်ဧရိယာတွေမှာတော့ မရှိသလောက်နည်းပါတယ်။

၃။ မားစ်ဂြိုဟ်ထက်တောင်ပိုအေးခဲ့ဖူးပါတယ်။

ကမ္ဘာ့မြောက်ဘက်ကျတဲ့ ကနေဒါနိုင်ငံဟာ ဆောင်းရာသီမှာ အလွန်ချမ်းအေးတဲ့ ရာသီဥတုကို ပိုင်ဆိုင်ပါတယ်။ မြို့တော် အော့တ၀ ရဲ့ ပျမ်းမျှအပူချိန်ကျဆင်းမှုက ၁၄.၄ ဒီဂရီဆဲစီးယပ် ဖြစ်ပါတယ်။ ဒါပေမယ့် မှတ်တမ်းတွေအရတော့ ကနေဒါရဲ့ အအေးဆုံးအပူချိန်ကို ၁၉၄၇ ခုနှစ်က ယူကွန်းနယ် စနက်ရွာမှာ တိုင်းတာရရှိခဲ့ပါတယ်။ ရွာငယ်လေးရဲ့ အဲဒီအချိန်အပူချိန်က အနုတ် ၈၁.၄ ဒီဂရီဖာရင်ဟိုက်ဖြစ်တာကြောင့် မျက်နှာပြင်အပူချိန် အနုတ် ၈၀ ဒီဂရီဖာရင်ဟိုက်ရှိတဲ့ မားစ်ဂြိုဟ်ထက်တောင် ပိုအေးတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။

၄။ ကမ္ဘာပေါ်က ရေကန် ပိုင်ဆိုင်မှု အများဆုံးနိုင်ငံ

ကနေဒါဟာ နိုင်ငံကျယ်ဝန်းသလောက် အလွန်ကြီးပြီး များပြားလှတဲ့ ရေကန်အရေအတွက်ကို တခြားနိုင်ငံတွေ လိုက်မမီနိုင်အောင် ပိုင်ဆိုင်ထားပါတယ်။ ရေကန်ငယ်တွေကိုမတွက်ပဲ ၁၀၀ စတုရန်းကီလိုမီတာ(စတုရန်းမိုင် ၃၉ ကျော်) ရှိတဲ့ ရေကန်ပေါင်းတင် ၅၆၃ ကန် ရှိနေပါတယ်။ ရေကန်တွေအနက် စတုရန်းမိုင် ၃၀၀၀၀ကျော် ရှိတဲ့ စူပရီးယားရေကန်ကြီးက အကြီးဆုံးဖြစ်ကာ ဒီရေကန်ကြီးဟာ ကနေဒါ နဲ့ အမေရိကန် နှစ်နိုင်ငံစလုံးထဲမှာ ပါဝင်နေပါတယ်။

၅။ ကမ္ဘာ့အရှည်ဆုံးကမ်းရိုးတန်းကို ပိုင်ဆိုင်ပါတယ်။

အာတိသမုဒ္ဒရာ ၊ အတ္တလန္တိတ်သမုဒ္ဒရာ ၊ ပစိဖိတ်သမုဒ္ဒရာတို့နဲ့ ထိစပ်နေတဲ့ ကနေဒါဟာ ကမ္ဘာ့အရှည်ဆုံး ကမ်းရိုးတန်းကို ပိုင်ဆိုင်ထားပါတယ်။ ကနေဒါကမ်းရိုးတန်းရဲ့ အလျားကတော့ မိုင်ပေါင်း ၁၅၁၀၁၉ ဖြစ်ပြီး ဒီကမ်းရိုးတန်းတလျှောက်မှာတော့ များပြားလှတဲ့ သဲသောင်ပြင်ကမ်းခြေတွေ ရှိနေပါတယ်။

၆။ ကမ္ဘာ့သစ်တောဧရိယာရဲ့ ၁၀ပုံ ၁ပုံကို ပိုင်ဆိုင်ထား

ဧရိယာကျယ်ဝန်းသလောက် သစ်ပင်သစ်တောများပြားတဲ့ ကနေဒါဟာ ကမ္ဘာပေါ်မှာရှိတဲ့ သစ်တောဧရိယာစုစုပေါင်းရဲ့ ၁၀% နီးပါးကို ပိုင်ဆိုင်ထားပါတယ်။ ကနေဒါနိုင်ငံ ဧရိယာစုစုပေါင်းရဲ့ ၄၂% က သစ်တောတွေဖြစ်ပြီး စုစုပေါင်း သစ်တောဧရိယာ ၃၉၇ သန်း ဟက်တာ ကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ အကြီးဆုံး အမျိုးသားဥယျာဉ်ဖြစ်တဲ့ Wood Buffalo ဟာ ဆိုရင် စတုရန်းမိုင် ၁၇၀၀၀ ကျော်ရှိပြီး ဆွစ်ဇာလန်နိုင်ငံရဲ့ ဧရိယာထက်တောင် ပိုကြီးနေပါသေးတယ်။

၇။ မြောက် အမေရိကရဲ့ တံတိုင်းမြို့

အာရှ နဲ့ ဥရောပ တို့မှာ တံတိုင်းခတ်တည်ဆောက်ထားတဲ့ မြို့ပေါင်းများစွာ ရှိနေပေမယ့် မြောက်အမေရိကမှာတော့ ဒီလိုမြို့မျိုး များများစားစား မရှိလှပါဘူး။ ဒီအထဲက အထင်ရှားဆုံး တံတိုင်းမြို့ကတော့ ကနေဒါနိုင်ငံက ကွီဗက်မြို့ဟောင်းဖြစ်ပါတယ်။ ကွီဗက်တံတိုင်းမြို့ကို ၁၇ ရာစု နဲ့ ၁၉ ရာစု ကြားကာလမှာ တည်ဆောက်ခဲ့တာဖြစ်ပြီး သမိုင်းဝင် အဆောက်အအုံများစွာဟာ ဒီနေရာမှာ တည်ရှိနေပါတယ်။ ဒီနေရာဟာ ၁၉၈၅ ခုနှစ်ကတည်းက ယူနက်စကိုရဲ့ ကမ္ဘာ့အမွေအနှစ်နေရာတခုအဖြစ် အသိအမှတ်ပြုခံထားရပါတယ်။

၈။ ရုရှားထက် ရေနံသိုက်ရှိမှု ၆ ဆ ပိုများ

ရေနံထုတ်လုပ်မှုနဲ့ ပတ်သက်ရင် အာရပ်နိုင်ငံတွေနဲ့ ရုရှားတို့ဟာ လူသိများပါတယ်။ ဒါပေမယ့် ကနေဒါရဲ့ ရေနံရရှိနိုင်တဲ့ ဧရိယာစုစုပေါင်းက ရုရှားထက် ၆ ဆ ပိုများပါတယ်။ ဗင်နီဇွဲလား နဲ့ ဆော်ဒီအာရေဗျ နိုင်ငံတို့ပြီးလျှင် ကနေဒါဟာ ရေနံရရှိနိုင်မှုအများဆုံး (ဝါ) ရေနံသိုက်အများဆုံး ဖြစ်ပြီး ကမ္ဘာ့ရေနံသိုက်စုစုပေါင်းရဲ့ ၁၃% ကို ပိုင်ဆိုင်ထားပါတယ်။

၉။ ကမ္ဘာ့မြောက်ဘက်အကျဆုံး လူတို့နေထိုင်ရာ

ကနေဒါမြောက်ဘက်အစွန်း Ellesmere ကျွန်းထိပ်ဖျားက Alert ဆိုတဲ့နေရာဟာ နော်ဝေးကမြောက်အကျဆုံးမြို့ထက်တောင် ပိုပြီး မြောက်ဘက်ကိုရောက်ပါသေးတယ်။ ဒါပေမယ့် သူဟာ လူတွေအခြေချနေထိုင်ရာမြို့တမြို့မဟုတ်ပဲ တာဝန်အရ တနှစ်မှ ၆ လလောက်သာ နေထိုင်သူတွေ ရှိတတ်ပါတယ်။ ဒီလူတွေကတော့ ဆက်သွယ်ရေး ၊ ပတ်ဝန်းကျင် နဲ့ ရာသီဥတုလေ့လာရေး ၊ ကမ္ဘာ့လေထုစောင့်ကြည့်ရေး စတာတွေကို လာရောက်လုပ်ဆောင်ကြသူတွေဖြစ်ပါတယ်။ မြောက်ဝန်ရိုးစွန်းနဲ့ ၅၀၉ မိုင်သာကွာဝေးတဲ့ ဒီနေရာရဲ့ ဆောင်းရာသီအပူချိန်က အနုတ် ၃၂ ဒီဂရီဆဲစီးယပ်အထိ ရှိတတ်ပါတယ်။

၁၀။ ၂၀၂၁ ခုနှစ် ကမ္ဘာ့ အကောင်းဆုံးနိုင်ငံ

USNews ဝဘ်ဆိုဒ်မှာတော့ ကနေဒါနိုင်ငံကို နယ်ပယ်ပေါင်းစုံ ယှဉ်ကြည့်ပါက ကမ္ဘာ့နံပါတ် ၁ နိုင်ငံလို့ ဖော်ပြပါတယ်။ လူနေမှုစနစ်ဖွံ့ဖြိုးမှု ၊ စီးပွားရေး ကောင်းမွန်မှု ၊ တိုးတက်မှု ၊ ပညာရေးထွန်းကားမှု ၊ ကျန်းမာရေးစောင့်ရှောက်မှု ၊ ပတ်ဝန်းကျင်ထိန်းသိမ်းမှု ၊ လုံခြုံစိတ်ချရမှု စတဲ့ နယ်ပယ်တွေမှာ ကနေဒါဟာ ထိပ်ပိုင်းမှ ရပ်တည်နေပြီး ခြုံကြည့်လိုက်ပါက ကမ္ဘာ့ နံပါတ် ၁ နိုင်ငံ ဖြစ်သွားတာပါ။

Leave a Comment

Your email address will not be published. Required fields are marked *