မြန်မာနိုင်ငံတွင် တဝဂူဘုရားများ များစွာရှိသည့်အနက် ပုဂံ တဝဂူ ဘုရားမှာ တမူထူးပါတယ်။ သူ၏နောက်ခံဇာတ်လမ်းကြောင့် လူအများစု စိတ်ဝင်စားလေ့ရှိသော နေရာလည်းဖြစ်ပါတယ်။ စောင်းအိုရှင် နှင့် ဘုရင့်သမီးတော်လေး တို့ ချစ်ကြိုက်မိသဖြင့် ဘုရင်ကြီး အမျက်ရှကာ ထိုတဝဂူဘုရားအတွင်း အုတ်ဖြင့်ပိတ်သတ်ခဲ့သည် ဟူသော ဇာတ်လမ်းသည် ယနေ့ခေတ်တိုင်အများစု ပြောနေကြသော ဇာတ်လမ်းလည်း ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ ဒီလိုပါ…
မြို့စားလေးမှာ အလွန်လှပပြီး ချစ်ဖို့ကောင်းတဲ့ စောကလျာ ဆိုတဲ့ ညီမတစ်ယောက်ရှိပါတယ်။ ဒီညီမဟာ နယ်ပိုင်စော်ဘွားကြီး နဲ့ ချစ်ကြိုက်နေပါတယ်။ ဒါကို မြို့စားပါဘူး။ စော်ဘွားကြီးဟာ သူ့ညီမငယ်ကိုတစ်ကယ် မချစ်မှန်းသိတဲ့အတွက်ကြောင့်ပါ။ ညီမငယ်ကိုလည်း တားမရ ၊ စော်ဘွားကြီးကလည်း ရာထူးပိုကြီးတာကြောင့် ဘာမှမပြောပဲ နေရပါတယ်။ တစ်နေ့မှာတော့ မြို့စားလေးဟာ သူ့ညီမငယ် နဲ့ စော်ဘွားကြီးတို့ကို အပြီးတိုင်ခွဲဖို့ ညီမငယ်ကို ခေါ်ကာ မြင်းနဲ့ အတင်းထွက်ပြေးခဲ့ပါတယ်။ သူ့လက်စွဲတော်စောင်း ကိုပါစွဲလို့ပေါ့။ စောကလျာကတော့ တစ်လမ်းလုံးငိုလို့ပေါ့။
ဒါနဲ့ပင်းတယတောင် ရွှေဥမင်လှိုဏ်ခေါင်း ထိပ်ရောက်တော့ ညီမဖြစ်သူဟာ မြင်းပေါ်ကခုန်ချခဲ့ပါတယ်။ အသက်ငွေ့ငွေ့သာကျန်တဲ့ အချိန်မှာ သူတို့ချစ်ခြင်းကိုခွဲတဲ့သူဟာ သူမတို့လိုပဲ ချစ်ရသူနဲ့ခွဲကာ အခိုင်အမာအုတ်ဂူထဲမှာ သွတ်သွင်းခြင်းခံရပါစေ လို့ ကျိန်စာတိုက်ခဲ့ပါသတဲ့။
မြို့စားလေးဟာလည်း ပုဂံမြို့ကိုရောက်ကာ စောင်းအိုလုလင်အသွင်ပြောင်းကာ နေထိုင်ခဲ့ပါသတဲ့။ တစ်နေ့စောင်းအိုလုလင်ရဲ့ စောင်းသံကိုကြားသွားတဲ့ ဘုရင့်သမီးတော်ဟာ စောင်းအိုလုလင်နဲ့တွေ့တာက စလို့ သူတို့နှစ်ဦး ချစ်ကြိုက်သွားပါတော့တယ်။ သူတို့နှစ်ဦးတွေ့နေကျ နေရာက တဝဂူ ဘုရားမှာပါ။

တစ်နေ့ ဒီအကြောင်းကို သိသွားတဲ့ ဘုရင်ကြီးဟာ အလွန်စိတ်ဆိုးပြီး ချစ်သူနှစ်ဦးတွေ့ဆုံစဉ်မှာ တဝဂူဘုရားရဲ့ မုခ်ဝကိုအုတ်နဲ့ အပြီးပိတ်ခိုင်းလိုက်ပါတော့တယ်။ ဒီလိုပိတ်ခိုင်းစဉ်မှာ သမီးတော်က ပန်းရံတော်ကြီးကို အုတ်နှစ်ချပ်ကိုချန်ခဲ့ဖို့ တောင်းဆိုခဲ့ပါသတဲ့။ ချစ်သူနှစ်ဦးကတော့ တဝဂူဘုရားထဲမှာ ပိတ်ပြီးသေဆုံးသွားခဲ့ရတယ်။ လပြည့်ညတိုင်းမှာ တဝဂူဘုရားဆီကနေ ကြေကွဲဖွယ်စောင်းသံကို ကြားရလေ့ရှိတယ်လို့ ဆိုကြပါတယ်။
ဒီဖြစ်ရပ်ကို ကြားမိသူတိုင်းက စုတ်တသပ်သပ်ဖြစ်ကာ ပုဂံရောက်တိုင်း တဝဂူဘုရားကို ရှာဖွေလေ့ရှိကြပါတယ်။ သို့သော် တကယ်တမ်းတွင်တော့ ဒီအဖြစ်ဟာ ပုဂံသမိုင်းမှာ တကယ်မရှိခဲ့ပါ။ သတင်းစာဆရာကြီး ကြေးမုံဦးသောင်း၏ ဝထ္ထုသာဖြစ်ပါတယ်။ လွန်ခဲ့သောအနှစ် လေးဆယ်လောက်က ရန်ကုန်တွင် ANAKALI ဆိုသောအိန္ဒိယရုပ်ရှင် ကားတစ်ကား ပြခဲ့ဖူးပါတယ်။ ဒီဇာတ်လမ်းထဲမှာ မင်းသမီးလေးအား ဖခင်ဘုရင်ကအုတ်ရိုးပတ်လည်စီကာ အသေသတ်ခဲ့ပါတယ်။ အုတ်ရိုးစီနေစဉ် အတွင်း ဇာတ်ကြောင်းတစ်ခုလုံးကို မင်းသမီးလေးက သူတို့အဖြစ်အပျက်ကို သီချင်းရှည်ကြီး ဆိုပြသွားပါတယ်။
နောက်ဆုံးအုတ်တစ်လုံး စီလိုက်တဲ့အချိန်မှာတော့ မင်းသမီးလေးရဲ့ အသံရပ်သွားပါတော့တယ်။ ဒီရုပ်ရှင်ကျောရိုးကို ယူကာ စောင်းအိုလုလင်ဇာတ်လမ်းဖြစ်လာခြင်းပါ။ ထိုဝထ္ထုကို အသံဇာတ်လမ်းထုတ်ခဲ့သလို ၊ အဆိုတော်တင်တင်မြကလည်း ပုဂံမြို့ဟောင်းတစ်နေရာ သီချင်းအဖြစ်သီဆိုခဲ့ပြီး ဇာတ်ပွဲများတွင်လည်း ကပြကြရာက တစ်ပြည်လုံးပြန့်သွားပါတော့တယ်။ ကြားဖန်များတော့ လူအများစုကလည်း ဒီစိတ်ကူးယဉ်ဇာတ်လမ်းကို တကယ့်အဖြစ်အပျက်လို့ ထင်သွားကြပြီး ပုဂံရောက်တိုင်း တဝဂူကို ရှာလေ့ရှိကြပါတော့တယ်။
( ပုဂံမှာ တဝဂူဘုရားတွေ များစွာ ရှိတယ်လို့ သိရပါတယ်။ မုခ်ပေါက်တစ်ဖက်သာရှိသဖြင့် တဝဂူဟုခေါ်ကြခြင်းဖြစ်သည်။ ထင်ရှားသည့် တဝဂူဘုရားမှာ အနောက်ဖွားစောရွာ နှင့် မင်းနန်သူရွာအကြားတွင် ရှိသည်။ အောက်ကမြေပုံမှာ ကြည့်နိုင်ပါတယ်)
ကိုးကား :
တဝဂူမှဂီတ – မာမာအေး (မိုးမခမဂ္ဂဇင်း)
အငြင်းပွား အမှတ်လွဲ လူသိနည်း မြန်မာ့ဖြစ်ရပ် ၁၀၀ – မောင်ကြည်သန့်