ဘိလပ်ပြန်ခေါင်းလောင်း

ရွှေဆံတော်ဘုရားပေါ်မှ ဘိလပ်ပြန်ခေါင်းလောင်းလေး သမိုင်းကြောင်း

ရွှေဆံတော်ဘုရားပေါ်သို့ ဓာတ်လှေကားမှ တက်လျှင် တက်တက်ချင်း မှာပင်ရွှေရောင် ခေါင်းလောင်းလေး တစ်လုံးကို မြင်ရပါလိမ့်မည်။ ခေါင်းလောင်းပေါ်၌ ရေးထားသော “ဘိလပ်ပြန်ခေါင်းလောင်း” ဟူသော စာကြောင့်ပိုစိတ်ဝင်စား ဖို့ကောင်းသည်။ ထိုသို့ရေးထားသော ထိုခေါင်းလောင်းလေး၏ မူလအကြောင်းအရင်းကို သိရှိသူနည်းပါးသည်။

ထိုခေါင်းလောင်းလေး၏ အကြောင်းအရင်းခံကား ဤသို့ဖြစ်သည်။ ၁၈၅၂-၅၄ ခုနှစ်တွင် ဒုတိယ အင်္ဂလိပ်မြန်မာစစ်ပွဲများဖြစ်ပွားခဲ့သည်။ ပုဂံမင်းနန်းချ၍ မင်းတုန်းမင်းက ထီးနန်းသိမ်းပိုက်သည့်အချိန်တွင် စစ်ကိုပြေငြိမ်းခဲ့ကြသည်။ စစ်ပြေငြိမ်းသော်လည်း အင်္ဂလိပ်တို့မှာ စစ်နိုင်သူဖြစ်သည့်အလျှောက် မြန်မာနေရာဒေသ အသီးသီးမှ အဖိုးတန် ရတနာ ၊ ယဉ်ကျေးမှုပစ္စည်းများကို ထုံးစံအတိုင်း ယူငင်ကြလေသည်။

ပြည်မြို့မှ အင်္ဂလိပ်စစ်သားများက ဗိုလ်ချုပ်ကြီးတစ်ဦးဖြစ်သူ ဂေါ်ဒဝင် အားခေါင်းလောင်းလေး တစ်လုံးကို ဆက်သကြသည်။ ထိုခေါင်းလောင်းလေးမှာ ပြည်မြို့ရွှေဆံတော် ဘုရားပေါ်မှ ယူငင်သွားသော ခေါင်းလောင်းလေးဖြစ်သည်။ ခေါင်းလောင်းလေး၏ ဘေးပတ်လည်တွင် အလှူရှင်၏ အမည်အား “အမရပူရမြို့ ဇေယျကျော်ထင်ဘွဲ့ခံ မောင် အောင်သူ နှင့် ဇနီးရှင်မင်းယောက် ၊ သမီးရှင်ဘုန် နှင့် ရှင်ထုန်တို့ ကောင်းမှုတော်” ဟူ၍ ရေးသားထားသည်။ ဗိုလ်ချုပ်ကြီး ဂေါ်ဒဝင်သည် သူ၏ စစ်မှုကိစ္စများပြီးဆုံး၍ အင်္ဂလန်သို့ပြန်သောအခါ ထိုခေါင်းလောင်းလေးကိုလည်း တပါတည်း ယူငင်သွားပြီးနောက် သူ၏ဆွေစဉ်မျိုးဆက် ရှေးဟောင်းပစ္စည်းအဖြစ် ဂုဏ်ယူကာ ထိန်းသိမ်းပြသ ထားခဲ့သည်။

ရွှေဆံတော်ဘုရား

ဗိုလ်ချုပ်ကြီး ဂေါ်ဒဝင်၏ မြေးဖြစ်သူ လက်ဖတင်နင်ကာနယ် ၊ အိပ်ဂေါ်ဒဝင်အော်စတင် လက်ထက်ရောက်သည့်အခါ ပဲခူးခရိုင် ဝန်ရှင်တော်မင်းကြီးထံသို့ စာတစ်စောင် ပေးပို့လာခဲ့သည်။ ခေါင်းလောင်းလေးအား မူရင်းနေရာဖြစ်သည့် ရွှေဆံတော်ဘုရားရင်ပြင်တွေ ပြန်လည်ထားပေးရန် အကြောင်းကြားသည့်စာပင်ဖြစ်သည်။ နှစ်ပေါင်းများစွာ ကြာပြီးမှ အခုလိုပြန်လည်ပေးရသည့် အကြောင်းမှာ အဘိုးဖြစ်သူ၏ ဒိုင်ယာရီ ကိုဖတ်ကြည့်မိရာက ခေါင်းလောင်းသမိုင်းကို ခြေရာခံမိ၍ ယခုလိုပြန်လည်ပို့ဆောင်ပေးခြင်း ဖြစ်ကြောင်းသိရသည်။ သူ၏ စာထဲတွင် ပါသောအချက်များအရ ခေါင်းလောင်းကလေးသည် အတော်ဂြိုဟ်မွှေခဲ့သည်ဟု ဆို၏။

ဤခေါင်းလောင်းလေး သူတို့အိမ်သို့ရောက်ရှိသည့် အချိန်မှ စ၍ စီးပွားပျက်ခြင်း ၊ အသေဆိုးဖြင့်သေခြင်း ၊ စိတ်ဆင်းရဲကိုယ်ဆင်းရဲ ဖြစ်နေခြင်း ၊ အချင်းချင်းခိုက်ရန်ဖြစ်ပွားခြင်း စသည်တို့မှာ အမြဲတစေဖြစ်ပေါ်ကြသဖြင့် ဤခေါင်းလောင်းလေးက “ခိုက်သည်” ဟု ယူဆလျှက် အပြစ်တို့ကို သူ့အပေါ်စုပုံချကြသည်။ အဘိုးဖြစ်သူ၏ အမှတ်တရပစ္စည်း အဖြစ် မစွန့်ပစ်ရက်ပဲ ဆက်လက်ထားရာ အိမ်မက်ဆိုးများ ၊ အဖြစ်ဆိုးများ ၊ ထိတ်လန့်စရာများ ကြုံတွေ့နေရသဖြင့် ခေါင်းလောင်းလေးအား စွန့်ပစ်ရန် ၊ ဖျက်စီးရန်အမျိုးမျိုး ကြံစည်ခဲ့သော်လည်း အထမမြောက်ခဲ့။ နောက်ဆုံးရေတွင် စွန့်ပစ်ရန်ကြိုးစားစဉ်ကလည်း ခေါင်းလောင်းလေးကိုရေတွင် မြုပ်ခဲ့ပါက မိသားစု ဆွေစဉ်မျိုးဆက်ရေတွင်နစ်သေမည် ဟု ထပ်ခါထပ်ခါ အိပ်မက်မက်သဖြင့် ရေတွင်လည်း မဖျောက်ဖျက်ရဲခဲ့ပေ။ နောက်ဆုံးမူရင်းနေရာဖြစ်သော ပြည်ရွှေဆံတော်စေတီသို့သာ ပြန်ပို့ရန် ဆုံးဖြတ်မိကြောင်း ၊ ကုန်ကျ စရိတ်ကို မိမိတို့ကသာ ခံယူမည်ဖြစ်ကြောင်း ဆက်သွယ်လာခဲ့သည်။

သို့သော် ပဲခူးတိုင်းဝန်ရှင်တော်မင်းကြီးက ခေါင်းလောင်းသည် နှစ်ရှည်လများကြာပြီဖြစ်သဖြင့် ပြည်မြို့သူမြို့သားများသည် ထိုအကြောင်းကိုသိကြလိမ့်မည် မထင်။ သို့ဖြစ်၍ မြို့သူမြို့သားများနှင့် ဘုရား ဘဏ္ဍာတော်ထိန်းအဖွဲ့ လူကြီးများနှင့် တိုင်ပင်ပြီးမှ အကြောင်းပြန်ပါမည်ဟု သာ စာပြန်ပို့လိုက်သည်။

ထို့နောက် ဘိလပ် နှင့် ပဲခူးဝန်ရှင်တော်မင်းကြီး၏ ပေးစာပြန်စာများကို မှတ်တမ်းများတွင် မတွေ့ရတော့ချေ။ ပေးစာပြန်စာများ ဆက်လက်မတွေ့ရတော့သော်လည်း တစ်နေ့ သ၌ ထင်းရူးသေတ္တာတစ်လုံးဖြင့် အော်စတင် ပြန်ပို့လိုက်သော ခေါင်းလောင်းလေးသည် အင်္ဂလန်မှ ရန်ကုန်သို့ပြန်လည်ရောက်ရှိလာခဲ့သည်။ ရန်ကုန်မှ ပြည်မြို့အရေးပို င်ရုံး ၊ အရေးပိုင်ရုံးမှ ဘုရင်မှပန်းခြံသို့ ပို့ထားခဲ့သည်။ ထိုအတွင်း ပြည်အရေးပိုင်ခရီးထွက်သွားသဖြင့် ပြည်မြို့ငွေတိုက်၌ ၁၀ ရက်ခန့် သိမ်းဆည်းခဲ့ကြောင်းသိရသည်။ ထို့နောက် ခေါင်းလောင်းလေးအား အဆောင်အယောင်တို့ဖြင့် မြို့ကိုလှည့်ပတ်ကာ ရွှေဆံတော်ကုန်းတော်ပေါ်သို့ ပို့ဆောင်ထားခဲ့ကြသည်။

ကျိန်စာသင့်ခေါင်းလောင်းလေးကား မြန်မာပြည်သူ ရဟန်းပြည်သူများအတွက်တော့ ဟုတ်မည်မထင်ပေ။ ထိုးလိုက်လျှင် ထွက်လာသော ချိုအေးနေသည့်အသံက သူ၏ပင် ကိုယ် အေးချမ်းခြင်း နိမိတ်ပင်ဖြစ်သည်။ “ဘိလပ်ပြန်ခေါင်းလောင်း” လေးသည် ရွှေဆံတော်ဘုရား ရာဟုထောင့်တွင် အေးချမ်းစွာ တည်ရှိနေပေတော့သည်။

Ref:
ကျိန်စာသင့်တဲ့သမိုင်းပုံရိပ်များ – သန်းထွန်း(လှည်းကူး)

Leave a Comment

Your email address will not be published. Required fields are marked *