ကမ္ဘာသမိုင်းရာဇဝင်မှာ ဘုရင်မင်းဆက်တွေရဲ့ အခန်းကဏ္ဍဟာ အဓိကနေရာကနေ ပါဝင်နေခဲ့ပြီး ကမ္ဘာကြီးရဲ့ ပြယုဂ်တွေတောင်ဖြစ်ခဲ့တာပါ။ သက်ဦးဆံပိုင်ဘုရင်စနစ်၊ စည်းမျဉ်းခံဘုရင် စနစ်စသဖြင့်ပုံစံအမျိုးမျိုးပြောင်းလဲ အုပ်ချုပ်ခဲ့ပေမဲ့ လူတစ်စုရဲ့ အခွင့် အခွင့်အာဏာဟာသန်းနဲ့ချီတဲ့ပြည်သူတွေအပေါ်ကျရောက်ခဲ့တာကြောင့်ပိုင်းခြားဝေဖန်စရာ များစွာဖြစ်ခဲ့ပါတယ်။ ဒါအပြင်တစ်ဦးတစ်ယောက်တည်း အာဏာ စွဲကိုင်တဲ့ဖြစ်ရပ်တွေကြောင့် လူများစွာသေကြေစေတဲ့ စစ်ပွဲတွေဟာလည်း ဘုရင်စနစ်ကနေပဲ စတင်ခဲ့ကြတာကိုတွေ့ရပါတယ်။
ဒါကြောင့် ကာလများစွာကြာလာတဲ့ အခါမှာတော့ ဘုရင်စနစ်ဟာ တမြေ့မြေ့ပျက်သုဉ်းလာခဲ့ပြီး ယနေ့အချိန်မှာတော့ နိုင်ငံရဲ့ အမွေအနှစ်ကို ထိန်းသိမ်းဖို့ရည်ရွယ်ချက်နဲ့သာ ထားရှိတဲ့ စည်းမျဉ်းခံဘုရင်စနစ်ကို သာ အများဆုံးတွေ့ရှိရပါတော့တယ်။ ဒီနေရာမှာမျှဝေပေးချင်တာက ဘုရင်စနစ်နဲ့ဆက်လက် တည်ရှိနေဖို့ကြိုးစားနေတဲ့ အီတလီနိုင်ငံကဒေသတစ်ခုအကြောင်းပဲဖြစ်ပါတယ်။

အုပ်ချုပ်ရတဲ့ ဧရိယာဟာ အလွန်သေးငယ်တာကြောင့် ကမ္ဘာပေါ်မှာ အသေးငယ်ဆုံးသော ဘုရင် အုပ်ချုပ်တဲ့ဒေသလို့ပဲ ခေါင်းစဉ်တပ်ရမှာပါ။ ဥရောပတိုက်၊အီတလီနိုင်ငံ၊ Olbia ပင်လယ်ကွေ့အနီးမှာတည်ရှိတဲ့ Tavolara ကျွန်းဟာ တသီးတစ်သန့်တည်ရှိနေတာဖြစ်ပြီး အနီးစပ်ဆုံးအနေနဲ့ Sardinia ပင်လယ်ကမ်းခြေ နဲ့ မျက်နှာချင်းဆိုင် အနေအထားမှာတည်ရှိပါတယ်။ ပင်လယ်အတွင်းမှာ ဖြစ်ပေါ်နေတဲ့ Tavolaraကျွန်းဟာ အဝေးကြည့်မယ်ဆိုရင် မညီမညာနဲ့အချွန်အတက် တောင်ထိပ် တွေကိုသာ တွေ့ရှိရမှာဖြစ်ပြီး ပင်လယ်ကျောက်ဆောင်တွေလည်း ပေါများစွာ တည်ရှိနေပါတယ်။
Tavolara ကျွန်းဟာ (၅)ကီလိုမီတာ အထိ ရှည်လျားပြီး၊(၁)ကီလိုမီ တာအထိ ကျယ်ပြန့်ပါတယ်။ Tavolara ကျွန်းစုရဲ့ အစွန်းတစ်ဖက်မှာတော့ အီတလီကျွန်း ဆွယ်ကို မြင်တွေ့ရမှာ ဖြစ်ပြီး တောင်တန်းတွေဟာ မြင့်ရာမှာနေ အောက်ကို နိမ့်ဆင်း လာတဲ့ သဏ္ဍာန်တည်ရှိနေတာကို တွေ့ရပါတယ်။ ဒီနေရာမှာ အလွန်ကျယ်ပြန့်တဲ့ ကုန်းမြေ(၂)ခုကိုဆက်ထားတဲ့ ကုန်းရိုးတစ်ခုကိုတွေ့မြင်နိုင်ပြီး အဲဒီနေရာဟာ Tavolara ကျွန်းစုရဲ့ လူအများစုနေထိုင်ရာအရပ်ဖြစ်ပြီး Giuseppe Bertoleon ဘုရင့်မိသားစုရဲ့ နေပြည်တော်လည်းဖြစ်ပါတယ်။
Giuseppe Bertoleoni မင်းဆက်တွေဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း (၂၀၀)လောက်ကနေစတင်ပြီး Tavolaraကျွန်းစုရဲ့ အုပ်ချုပ်သူတွေအဖြစ် သားစဉ်၊မြေးဆက် လက်ဆင့်ကမ်းနေထိုင်လာခဲ့ကြတာဖြစ်ပါတယ်။ Giuseppe Bertoleoni ရဲ့မူလမျိုးနွယ်ကတော့ အီတလီနိုင်ငံအရှေမြောက် ပိုင်းက ဂျီနိုအာမြို့မှာအခြေချနေထိုင်ခဲ့တဲ့ Genovese အနွယ်ဝင်တွေဖြစ်ပြီး သူတို့ဟာ ရောမစစ်တပ်ကို ငွေကြေးအားဖြင့် ထောက်ခံပေးထားသူတွေဖြစ်ပါတယ်။ အထူးသဖြင့် ခရူးဆိတ်စစ်ပွဲအတွင်း ငွေကြေး များစွာ ပုံအောပြီး ခရစ်ယာန်ဘာသာရေးတပ်တွေကို ထောက်ပံ့ခဲ့ကြပါတယ်။
Genovese တွေဟာ ယနေ့အချိန်ထိ အီတလီနိုင်ငံက ထွက်ရှိခဲ့တဲ့ အလှကုန်နဲ့စက်မှုပစ္စည်းတွေကို ဦးဆောင်လုပ်ကိုင်နေကြသူတွေ လည်းဖြစ်ပါတယ်။ Genovese အနွယ်ဝင်တွေက သူကောင်းတစ်ဦဖြစ်တဲ့ Giuseppe ဟာ ဥပဒေကိုဆန့်ကျင်ပြီး အမျိုးသမီးနှစ်ဦးကို လက်ထပ်ခဲ့ပါတယ်။ ဒါကြောင့် Giuseppe ဟာ တည်ဆဲဥပဒေကို ရှောင်ခွာတဲ့ အနေနဲ့ သူ့မိန်းမနှစ်ယောက် နဲ့ကလေးတွေ၊နောက်လိုက်နောက်ပါ အချို့ကို ခေါ်ဆောင်လာပြီး (၁၈၀၇) ခုနှစ်မှာ Tavolara ကျွန်းဆီကိုပြောင်းရွေလာခဲ့ပါတယ်။
ဒေသခံအချို့ကိုငွေကြေးနဲ့ စည်းရုံးပြီး ချိန်မှာတော့ Giuseppe ဟာ သူ့ကိုယ်သူ Tavolara ဒေသရဲ့ ဘုရင်အဖြစ်ကြေငြာခဲ့ပါတယ်။ (၁၈၃၆)ခုနှစ်မှာတော့ Sardinia(ဥရောပတောင်ပိုင်း) ဒေသတစ်လျောက်အာဏာသက်ရောက်ခဲ့တဲ့ စစ်ဘုရင် Carlo Alberto ဟာ Tavolara ကျွန်းကို တောကစားထွက်ချိန်မှာလည်း Giuseppe ဟာ တန်စိုးလက်ဆောင်များစွာကို ပေးအပ်ပြီး သူကိုယင်းဒေသရဲ့ ဘုရင်အဖြစ် အသိအမှတ် ပြုဖို့ တောင်းဆိုခဲ့ပါတယ်။
Carlo Alberto ကလည်း လက်ခံ ခဲ့ပြီး စစ်ရေးဆိုင်ရာကိစ္စတွေအထိတောင် အကူအညီပေးဖို့သဘောတူခဲ့ပါတယ်။ ယင်းနောက်ပိုင်းမှာတော့ Giuseppeဟာ ကျွန်းနဲ့ပတ်သက်ပြီး စည်းမျဉ်း၊စည်းကမ်းတွေ ကိုထုတ်ပြန်ပြီး ကာကွယ်ရေးတပ်အင်အားတွေကို တိုးချဲ့လာခဲ့ပါတယ်။ Giuseppe ဘုရင်လက်ထက်ကနေစပြီး မင်းဆက်ခုနှစ်ဆက် တိုင်အောင် Tavolaraကျွန်းကို ဘုရင် စနစ်နဲ့ အုပ်ချုပ်ခဲ့ကြပါတယ်။
Giuseppe Bertoleoni အနွယ်ဝင်တွေဟာ ဆိတ်မွေးမြူရေးလုပ်ငန်းနဲ့ ငါးဖမ်းလုပ်ငန်း တွေကိုလုပ်ကိုင်ပြီး ငွေကြေးများစွာကို ရရှိခဲ့ကြပါတယ်။နောက်ပိုင်းမှာတော့ Tavolaraကျွန်းကိုလာရောက်လည်ပတ်တဲ့ ခရီးသွားတွေအတွက် အမှတ်တရ ပစ္စည်း ရောင်းချတဲ့ လုပ်ငန်း၊ဟိုတယ်နှင့်ခရီးသွားလာရေး လုပ်ငန်းတွေကို လုပ်ကိုင်ခဲ့ကြပါတယ်။ ယနေ့အချိန်ထိ Giuseppe Bertoleon မိသားစုကပိုင်ဆိုင်တဲ့ စားသောက်ဆိုင်(၂)ဆိုင် ဟာ Tavolaraကျွန်းမှာရှိနေပါတယ်။
Tavolara ကျွန်းရဲ့ ဘုရင် Giuseppe ဟာစတင်ရောက်ရှိလာချိန်တည်းက ဒေသရဲ့ မြေမျက်နှာသွင်ပြင်၊ရာသီဥတုအနေအထား၊ တွင်းထွက်သဘာဝ ပစ္စည်းတွေရဲ့ အကြောင်းကို ဆန်းစစ်လေ့လာခဲ့ပြီးနောက် ရွှေရောင်သွားတွေရှိတဲ့ ပင်လယ်ဒိုက်ပင် တွေကိုသာ စားသောက်တဲ့ ရှားပါးဆိတ်မျိုးနွယ်စုတွေကိုတွေ့ရှိခဲ့ပါတယ်။ အဲဒီရွှေရောင်သွားတွေပါရှိတဲ့ ဆိတ်တွေရဲ့သတင်းဟာ Sardinia ဘုရင် ကားလိုစ် အယ်ဘာတို ဆီရောက်ရှိသွားချိန်မှာတော့၊ တောလိုက်ဝါသနာထုံတဲ့ အယ်ဘာတို အတွက်သတင်းကောင်း ဖြစ်ခဲ့ပြီး Tavolaraကျွန်းဆီကို တောလည်ထွက်ရန် ဆုံးဖြတ် ခဲ့ပါတယ်။
၁၈၃၆ခုနှစ်မှာတော့ အယ်ဘာတိုဟာ နောက်လိုက်မှူးမက်တွေနဲ့အတူ Tavolara ကျွန်းကိုရောက်ရှိလာခဲ့ပြီး အမဲလိုက်ချိန်မှာတော့ Giuseppe ဦးဆောင်တဲ့ အနွယ်ဝင်တွေဟာ သွားရောက် ခရီးဦးကြိုမှုပြုလုပ်ခဲ့ပြီး Giuseppe ရဲ့ အသက်(၂၄) နှစ်သာရှိသေးတဲ့ သားဖြစ်သူ Paolo ဟာသူလည်းနောက်တစ်ချိန်မှာ Tavolara ရဲ့ ဘုရင် အဖြစ်တာဝန်ထမ်းဆောင်လိုပါကြောင်း ဘုရင်အယ်ဘာတိုထံ ခွင့်ပန်ခဲ့ပါတယ်။ အယ်ဘာတိုလည်း Paoloရဲ့တောင်းဆိုချက်ကို လက်ခံခဲ့ပြီး Tavolaraကျွန်းမှာ (၃) ရက်တိုင်တိုင် အမဲလိုက် ပြီးနောက် ပြန်လည်ထွက်ခွာသွားခဲ့ပါတယ်။
ဒါပေမဲ့ နှစ်အနည်းငယ်ကြာချိန်မှာတော့ အယ်ဘာတိုရဲ့စစ်တပ်ဟာ Tavolaraရဲ့ အချုပ်အခြာ နယ်နိမိတ်တွေကို ထိပါးလာခဲ့ပြီး နှစ်ဘက်စစ်တပ်တွေအကြား ထိတွေ့မှုတွေရှိလာခဲ့ ပါတယ်။ ဒါကြောင့် Paolo Bertoleoni ဦးဆောင်တဲ့ သံတမန်အဖွဲ့ဝင်တွေဟာ ဘုရင် ကာလို အယ်ဘာတိုနဲ့ တွေကဆုံရန် Turin မြို့ကိုထွက်ခွာလာခဲ့ကြပါတယ်။ Paolo ရဲ့ ပါးနပ်မှုကြောင့် ဘုရင်အယ်ဘာတိုရဲ့ကရုဏာကို ရရှိခဲ့ပြီး Paolo Bertoleoni ကို Tavolaraရဲ့ဘုရင်အဖြစ် အသိအမှတ်ပြုခဲ့ပါတယ်။
ယင်းနောက်မှာတော့ Paolo Bertoleoni ဟာ Tavolara ဒေသကို ဘုရင်နိုင်ငံတစ်ခု အဖြစ်ပြန်လည် အသက်သွင်းခဲ့ပြီး ဥပဒေအချို့အပါအဝင် Tavolara ဘုရင်နေပြည်တော် ရဲ့အမှတ်တံဆိပ်၊ဓလေ့တွေကိုပါ ဖန်တီးခဲ့ပါတယ်။ (၁၉၀၀)ပြည့်နှစ်မှာတော့ ဗြိတိန်ဘုရင်မ ဗစ်တိုးရီးယားဟာ Tavolara ဒေသရဲ့ တော်ဝင် ဘုရင်မိသားစုရဲ့အကြောင်းကို ကြားသိပြီး မိတ်ဆက်လက်ဆောင်တွေနဲ့အတူ သူမရဲ့ တော်ဝင်မိသားစု ပင်တိုင်ဓာက်ပုံဆရာကို စေလွှတ်ပြီး မှတ်တမ်းတင် ဓာက်ပုံတွေကို ရိုက်ကူးစေခဲ့ပါတယ်။
ယင်းဓာတ်ပုံတွေဟာ ယနေ့အချိန်ထိ အင်္ဂလန်နိုင်ငံက Buckingham နန်းတော်ထဲမှာ ဆက်လက်ပြသထားပါတယ်။ ယင်းကနေပြန်လည်ကူး ယူစေပြီး Tavolara မှာရှိတဲ့ Giuseppe Bertoleoni မိသားစုကပိုင်ဆိုင်တဲ့ စားသောက် ဆိုင်တွေမှာလည်း ချိတ်ဆွဲပြသထားပါတယ်။
၁၉၃၄ခုနှစ်အရောက်မှာတော့ အီတလီအစိုးရက Tavolaraကျွန်းကို လုံခြုံရေး အကြောင်းပြချက်နဲ့ သိမ်းပိုက်ခဲ့ပြီး Giuseppe Bertoleon တော်ဝင်မိသားစုရဲ့ ဘုရင် စနစ်ကို ဖျက်သိမ်းဖို့ကြိုးစားခဲ့ပါတယ်။ ၁၉၆၂ခုနှစ်မှာတော့ NATO အဖွဲ့ရဲ့စစ်အခြေစိုက်စခန်းတစ်ခုကို Tavolaraကျွန်းမှာ လာရောက်တည်ဆောက်ခဲ့ပြီး ကျွန်းရဲ့တစ်ဝက်လောက်ကို ကန့်သတ်ဧရိယာ အဖြစ် သတ်မှက်ခဲ့ပါတယ်။ ယနေ့အချိန်မှာတော့ Giuseppe Bertoleon မိသားစုဟာ Tavolara ကျွန်းရဲ့ (၅၀) hectares လောက်ကိုသာ ထိန်းချုပ်နိုင်တော့ပါတယ်။ သူတို့ချမှတ်ထားတဲ့ ဥပဒေတွေကို လည်း အီတလီအစိုးရက ပယ်ဖျက်ခဲ့ပြီလည်း ဖြစ်ပါတယ်။
Giuseppe Bertoleoni မိသားစု ဘက်ကတော့ သူတို့ရဲ့ နန်းဆက်ကိုဆတ်လက် တည်တံ့စေရန်ဆန္ဒရှိပြီး လက်ရှိဘုရင် Tonino လက်ထက်မှာလည်း နိုင်ငံတကာကိုလှည့်လည်ပြီး Tavolara ဘုရင့်နိုင်ငံတော်ကို အသိအမှတ်ပြုနိုင်ရေးအစွမ်းကုန် ကြိုးစားလျက်ရှိနေပါတယ်။ အီတလီ အစိုးရကလည်း ဥပဒေပြုရေး၊အုပ်ချုပ်ရေး၊တရားစီရင်ရေး တွေကလွဲရင် သူတို့ရဲ့ဘုရင်စနစ်ကို ဖျက်သိမ်းဖို့ ရည်ရွယ်ချက်မရှိတဲ့အပြင် တွေ့ဆုံဆွေးနွေးမှုတွေမှာလည်း တိုးတက်မှုတွေ ရှိနေတာကြောင့် နောက်ပိုင်းမှာ ကမ္ဘာအသေးဆုံး ဘုရင်နိုင်ငံဖြစ်တဲ့ Tavolara ရဲ့ပုံရိပ်ဟာ ရုပ်လုံးပေါ်လာဖို့ရှိနေပါတယ်။