နယ်သာလန်နိုင်ငံဟာ ကမ္ဘာပေါ်က ပင်လယ်ရေမျက်နှာပြင် အနိမ့်ကျဆုံး နိုင်ငံတွေထဲမှာ ပါဝင်တာကြောင့် သမိုင်းတလျှောက် ရေလွှမ်းမိုးမှုဒဏ်ကိုမကြာခဏ ခံခဲ့ကြရပါတယ်။ အေဒီ ၁ ရာစုလောက်ကတည်းက ဒီဒေသမှာ စတင်အခြေချသူတွေဟာ ရေလွမ်းမိုးမှုဒဏ်ကို ခံစားနေရပြီဖြစ်တာကြောင့် ဒါကို ကာကွယ်ဖို့ အဲဒီအချိန်က တတ်နိုင်သမျှ နည်းလမ်းတွေနဲ့ ကြိုးစားခဲ့ကြပါတယ်။

ဇိုက်ဒယ်ဇီ Zuiderzee ဟာ အရင်ကတော့ မြောက်ပင်လယ် ရဲ့ ရေတိမ်ပိုင်း ပင်လယ်အော်တခုဖြစ်ခဲ့ပါတယ်။ ဇိုက်ဒယ်ဇီ Zuiderzee ဟာ ဒတ်ချ်တွေအတွက် အလွန်ကောင်းမွန်တဲ့ အရင်းအမြစ်ဒေသဖြစ်ခဲ့ပြီး ဒီနေရာဟာ ငါးဖမ်းခြင်း နဲ့ ရေထွက်ကုန်တွေအတွက် အဓိက ကုန်သွယ်ရာနေရာလည်း ဖြစ်ပါတယ်။ Zuiderzee ဆိုတဲ့ အဓိပ္ပါယ်ကတော့ တောင်ပိုင်းပင်လယ် ဖြစ်ပါတယ်။ဒီပင်လယ်အော်ဒေသရဲ့ အကျယ်အဝန်းကတော့ စတုရန်းမိုင် ၂၀၀၀ ခန့် ရှိပါတယ်။ ဒီပင်လယ်အော်ဟာ ၃၀ မိုင်ကျယ်ပြီး ပင်လယ်၀ ကနေ ကုန်းမကြီးဆီကို မိုင် ၆၀ အကွာအဝေးခန့် ရှိကာ ရေအနက်ကတော့ ၁၅ ပေခန့်ပဲ ရှိပါတယ်။ မုန်တိုင်းတခုခုရှိလာတဲ့အခါ တာတမံတွေ ပျက်စီးပြီး ကုန်းမြေဟာ ရေကြီးမှု ဒါဏ်ကို ခံစားရလေ့ရှိပါတယ်။
ဒီနေရာမှာ ၁၅ ရာစုကတည်းက တာတမံတွေရှိခဲ့ပြီးဖြစ်ပေမယ့် ၁၄၂၁ ခုနှစ်မှာ တိုက်ခတ်ခဲ့တဲ့ မုန်တိုင်းကြောင့် ရွာပေါင်း ၇၂ ရွာ ရေလွှမ်းမိုးခံခဲ့ရသလို လူပေါင်း ၁၀၀၀၀ ခန့်ရဲ့ အသက်တွေပါ ပေးဆပ်ခဲ့ရပါတယ်။ ရာစုနှစ်ပေါင်းများစွာ နည်းမျိုးစုံနဲ့ ကာကွယ်တားဆီးဖို့ ကြိုးစားခဲ့ပေမယ့် အောင်မြင်ခြင်း မရှိခဲ့ပါဘူး။၂၀ ရာစုအစောပိုင်း ဒတ်ချ်မြို့ပြအင်ဂျင်နီယာ ကော်နယ်လစ် လီလီ စတင်ခဲ့တဲ့အကြံကတော့ ပင်လယ်အော်ရဲ့ အဝကို ပိတ်လိုက်ပြီး ရေကန်အဖြစ် ပြောင်းပစ်လိုက်ဖို့ ဖြစ်ပါတယ်။ ကော်နယ်လစ် လီလီ ဟာ သူ့ရဲ့အိုင်ဒီယာကို တင်ပြပြီး တာဝန်ရှိသူတွေက ခွင့်ပြုခဲ့တာကြောင့် ဇိုက်ဒယ်ဇီပင်လယ်အော်ဟာ Ijsselmeer အမည်ရ ရေကန်အဖြစ် ပြောင်းလဲသွားပါတော့တယ်။ အခက်အခဲပေါင်းများစွာ နဲ့ အတူ နှစ်ပေါင်းများစွာ အချိန်ယူခဲ့ရပြီး ၂၀၀၄ ခုနှစ် တန်ဖိုးနဲ့တွက်ရင် ဒီအတွက် ကုန်ကျစရိတ်ဟာ အမေရိကန်ဒေါ်လာ သန်း ၇၁၀ ခန့် ရှိခဲ့ပါတယ်။
Delta Works ဖြစ်ပေါ်လာမှုဟာ ၁၉၅၃ ခုနှစ်လောက်က စတင်ခဲ့တာလို့ ဆိုရပါမယ်။ အဲဒီအချိန်က မုန်တိုင်းတိုက်ခတ်ပြီး ရေကြီးမှုကြောင့် အဆောက်အအုံများစွာ ပျက်စီးခဲ့သလို လူပေါင်း ၂ထောင်လောက် ဆုံးရှုံးခဲ့ရပါတယ်။ အလွန်ကြီးမားပြင်းထန်တဲ့ ရေကြီးမှုဖြစ်ပြီး ကုန်းမြေဧရိယာရဲ့ ၁၅၀,၀၀၀ ဟက်တာခန့် ရေလွှမ်းမိုးခံခဲ့ရပါတယ်။ အဲဒီနောက်မှာတော့ ဒါတွေကို နောက်နောင်မဖြစ်ပွားအောင် အကောင်းဆုံးကာကွယ်နိုင်ဖို့အတွက် အကောင်းဆုံးနည်းလမ်းကို ကြိုးစားရှာဖွေကြရာမှာ ကမ္ဘာ့အကြီးစား စီမံကိန်းတခုဖြစ်တဲ့ Delta Works ဟာ စတင်ဖြစ်ပေါ်လာခဲ့ပါတယ်။
Delta Works မှာ မုန်တိုင်းနှင့် ဒီရေလှိုင်းအတားအဆီးများ၊ ရေကာတာများ၊ သော့ခလောက်များ၊ ရေကျင်းများနှင့် ရေလှောင်တမံများစွာ ပါဝင်နေပါတယ်။ တည်ဆောက်မှု ဒီဇိုင်းတွေမှာတော့ ကုန်းမြေကို ပင်လယ်ဘက်ဆီ ပိုမိုတိုးချဲ့ပြီး ကမ်းရိုးတန်းကို ချုံ့ဖို့ဦးစားပေးထားပါတယ်။ အလွန်ကြီးမားတဲ့ စီမံကိန်းဖြစ်ခဲ့ပြီး တည်ဆောက်ချိန်နှစ်ပေါင်း ၅၀ နီးပါး ကြာမြင့်ခဲ့ကာ ၁၉၉၇ ခုနှစ်မှ ပြီးဆုံးခဲ့ပါတယ်။ ၂၀၁၂ ခုနှစ် အချိန်က ငွေတန်ဖိုးနဲ့တွက်ရင် Delta Works စီမံကိန်းအတွက် ကုန်ကျစရိတ်ဟာ အမေရိကန်ဒေါ်လာ ၁၂ ဘီလျံ ဖြစ်ပါတယ်။
Delta Works မှာ မုန်တိုင်နဲ့ ဒီရေကာ အတားအဆီး ဆည် စုစုပေါင်း ၁၃ ခု ပါဝင်ပါတယ်။ ဒီအထဲမှာ အကြီးဆုံးကတော့ Oosterscheldekering အော်စတာရှက်ဒယ်ကေဒင် ဆိုတဲ့ ဒီရေကာ အတားအဆီး ဖြစ်ပြီး အလျားတင် ၅မိုင်ခွဲခန့် ရှိနေပါတယ်။ Delta Works စီမံကိန်းမှာ အသုံးပြုခဲ့တဲ့ ကွန်ကရစ်တွေဟာ နှစ်ပေါင်း ၂၀၀ ထက်မနည်း ခံနိုင်ရည် ရှိမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒီစီမံကိန်းမှာ ပါဝင်တဲ့ တည်ဆောက်မှု ဧရိယာကတော့ စတုရန်းမိုင် ၉၀၀ နီးပါးခန့်ရှိတာကို ကြည့်ခြင်းအားဖြင့် မည်မျှ ကြီးမားတယ်ဆိုတာကို ခန့်မှန်းမိမှာဖြစ်ပါတယ်။
ဒီစီမံကိန်းရဲ့ မုန်တိုင်း နဲ့ ရေကြီးမှုကာကွယ်ရေး အတားအဆီးတွေထဲမှာ ရေလှိုင်းတွေကို လိုသပိတ်ပင် ဖွင့်လှစ်ပေးနိုင်တဲ့ရေကာတာတွေ ၊ အဆင့်မြင့်နည်းပညာ နဲ့အတူ အလိုလျှောက် အာရုံခံကိရိယာတွေ ၊ ရေဝင်လမ်းကြောင်းကို ပိတ်ပေးနိုင် ဖွင့်ပေးနိုင်တဲ့ အရှည် ပေ ၈၀၀ နီးပါးရှိတဲ့ ဧရာမ သံမဏိလက်တံကြီးတွေ ပါဝင်နေပါတယ်။ မြစ်ဝတွေဟာ ကုန်သွယ်ရေးအတွက် အဓိကနေရာတွေဖြစ်တာကြောင့် လုံခြုံရေးအချိန်မှာ ပိတ်ထားပြီး ပုံမှန်အချိန်မှာ ဖွင့်ထားနိုင်ဖို့အတွက် အရှင်စနစ် နဲ့ ဖန်တီးထားရတာဖြစ်ပါတယ်။
၂၀၀၇ ခုနှစ် ကြီးမားတဲ့ ဆိုက်ကလုန်းမုန်တိုင်း ဧရာမ ရေကြီးမှု နဲ့ ထပ်ကြုံတဲ့အခါမှာတော့ အဆင်သင့်ဖြစ်ခဲ့ပြီး Delta Works ဟာ နယ်သာလန်နိုင်ငံအား ရေလွှမ်းမိုးမှုကို ကာကွယ်ပေးနိုင်ခဲ့ပါတယ်။ စီမံကိန်းကြောင့် ဒီဒေသတခုလုံးရဲ့ ရေကြီးမှုကို သိသာစွာလျှော့ချပေးနိုင်ခဲ့ပြီး ကမ္ဘာ့ရေမျက်နှာပြင်မြင့်တက်လာမှုကြောင့် ထိန်းသိမ်းမှု နဲ့ တိုးချဲ့တည်ဆောက်မှုတွေကိုတော့ ဆက်လက် လုပ်ဆောင်နေဆဲဖြစ်ပါတယ်။ကမ္ဘာပေါ်က ရေလွှမ်းမှု ဟန့်တားရေး ခေတ်မီဆုံး နဲ့ နည်းပညာအမြင့်ဆုံး စီမံကိန်းကြီးဖြစ်ပြီး အခက်အခဲပေါင်းများစွာ ဆယ်စုနှစ်ပေါင်းများစွာ နဲ့ တည်ဆောက်ခဲ့ရတာကြောင့် Zuiderlee နဲ့ Delta Works ဟာ မြို့ပြအင်ဂျင်နီယာအသင်းရဲ့ ကမ္ဘာ့အံ့ဖွယ် ၇ ခုထဲမှာ ရွေးချယ်ထည့်သွင်း ခံခဲ့ရတာဖြစ်ပါတယ်။