အရင်တခါကတော့ ကမ္ဘာ့အကြီးဆုံး ဘောလုံးကွင်းကြီး ၁၀ ခု ရဲ့ အကြောင်းကို တင်ခဲ့ပြီးပါပြီ။ ဒီတခါတော့ ပရိသတ်ဝင်ဆံ့မှုအရ ကမ္ဘာ့အကြီးဆုံး အားကစားကွင်းကြီး ၅ ခုရဲ့ အကြောင်း ကို ထပ်ပြီးတော့ ဝေမျှလိုက်ပါတယ်။
အားကစား ဆိုတဲ့အတွက်ကြောင့် ဘောလုံးအတွက်သာမဟုတ်ပဲ ခရစ်ကတ် ၊ အမေရိကန်ဘောလုံး ပွဲစဉ်တွေကစားတဲ့ ကွင်းတွေပါ ဒီစာရင်းမှာ ပါဝင်လာပါတယ်။ အကြီးဆုံး ၁၀ ကွင်းအနက် ၈ ကွင်းဟာ အမေရိကန်ဘောလုံးအားကစား ထွန်းကားရာ အမေရိကန် တနိုင်ငံတည်းမှာပဲ ရှိနေပါတယ်။
၅။ Ohio Stadium , United States

ကမ္ဘာ့အကြီးဆုံး အားကစားကွင်းစာရင်းရဲ့ နံပါတ် ၅ နေရာမှာရှိနေတာကတော့ အိုဟိုင်းယိုးကွင်း ဖြစ်ပါတယ်။
အမေရိကန်ဘောလုံး အားကစားကွင်းဖြစ်တဲ့ ဒီကွင်းကို Horseshoe ၊ the Shoe စတဲ့ နာမည်တွေနဲ့လည်း လူသိများပါတယ်။

အိုဟိုင်းယိုးပြည်နယ် ကိုလံဘတ်မြို့၊ အိုဟိုင်းယိုးတက္ကသိုလ်နယ်မြေထဲမှာ တည်ရှိတဲ့ ဒီကွင်းကို ၁၉၂၂ ခုနှစ်ကတည်းက စတင်ဖွင့်လှစ်ခဲ့ပါတယ်။
အမေရိကန်ဘောလုံးကလပ် Ohio State Buckeyes ရဲ့အိမ်ကွင်းဖြစ်ပြီး ပရိသတ် ၁၀၂,၇၈၀ ဦး ဆန့်တဲ့ ကွင်းဖြစ်ပါတယ်။
၄။ Beaver Stadium , United States

ဘီးဗာအားကစားကွင်းကတော့ အမေရိကန်နိုင်ငံ ပန်ဆယ်ဗေးနီးယားပြည်နယ် က ကောလိပ်မြို့တော် State College မှာ တည်ရှိပါတယ်။
ပန်ဆယ်ဗေးနီးယားပြည်နယ် တက္ကသိုလ်နယ်မြေအတွင်းမှာ တည်ရှိနေတဲ့ ကောလိပ်အားကစားကွင်းတခုဖြစ်ပြီး ဒီကွင်းကိုတော့ ၁၉၆၀ ခုနှစ်မှာ စတင်ဖွင့်လှစ်ခဲ့ပါတယ်။

အမေရိကန်ဘောလုံးအားကစားကွင်းဖြစ်ပြီး ပန်ဆယ်ဗေးနီးယားတက္ကသိုလ် ကိုယ်စားပြု Penn State Nittany Lions အသင်းရဲ့ အိမ်ကွင်းလည်းဖြစ်ပါတယ်။ ပရိသတ်ဦးရေအနေနဲ့ကတော့ ၁၀၆,၅၇၂ ဦး ဆံ့ပါတယ်။
၃။ Michigan Stadium , United States

ကမ္ဘာပေါ်မှာ တတိယအကြီးဆုံး အားကစားကွင်းကလည်း အမေရိကန်နိုင်ငံမှာပဲ တည်ရှိတဲ့ မီရှီကန် အားကစားကွင်းဖြစ်ပါတယ်။
မီရှီကန် တက္ကသိုလ်ရဲ့ အားကစားကွင်းဖြစ်ပြီး The Big House လို့လည်း နာမည်ကြီးတဲ့ ဒီကွင်းဟာ မီရှီကန်ပြည်နယ် Ann Arbor မြို့မှာ တည်ရှိပါတယ်။

ဒီအားကစားကွင်းကို ၁၉၂၇ ခုနှစ်ကတည်းက စတင်ဖွင့်လှစ်ခဲ့ပြီး အခုဆိုရင်တော့ နှစ်ပေါင်း ၉၃နှစ် သက်တမ်းရှိသွားပါပြီ။
ပြင်ဆင်မှုပေါင်း ၇ ကြိမ် ပြုလုပ်ခဲ့ပြီး ၂၀၁၀ ခုနှစ်က ဆိုရင် ဒေါ်လာ သန်း ၂၀၀ ကျော် ကုန်ကျတဲ့အထိ ပြင်ဆင်ခဲ့တာဖြစ်ပါတယ်။ Michigan Wolverines ဘောလုံးအသင်းရဲ့ အိမ်ကွင်းဖြစ်ပြီး ပရိသတ်ဦးရေ ၁၀၇,၆၀၁ဦး ဆံ့ ပါတယ်။
၂။ Motera Stadium , India

မိုတီရာ အားကစားကွင်းကြီးကတော့ ကမ္ဘာပေါ်မှာ ဒုတိယအကြီးဆုံး ဖြစ်ပါတယ်။
သူ့ရဲ့တည်နေရာကတော့ အိန္ဒိယနိုင်ငံ ဂူဂျာရတ်ပြည်နယ် အာမတ်ဒဘက်မြို့မှာ ဖြစ်ပြီး တရားဝင်အမည်ကတော့ Sardar Patel အားကစားကွင်းဖြစ်ပါတယ်။
အိန္ဒိယရဲ့ လူကြိုက်အများဆုံးဖြစ်တဲ့ ခရစ်ကတ် ကစားကွင်းဖြစ်ပြီး ဂူဂျာရတ် ခရစ်ကတ် အဖွဲ့ချုပ်က ပိုင်ဆိုင်ပါတယ်။

၁၉၈၃ ခုနှစ်ကတည်းက စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး အကြိမ်ကြိမ်တိုးချဲ့တည်ဆောက်ပြီးနောက် ယခုအချိန်မှာတော့ ဒီအားကစားကွင်းကြီးရဲ့ ပရိသတ်ဝင်ဆံ့နိုင်မှုဟာ ၁၁၀,၀၀၀ ဦး အထိ ရှိသွားပြီဖြစ်ပါတယ်။
၂၀၁၇ ခုနှစ်ကနေ ၂၀၂၀ ခုနှစ်အတွင်း အကြီးစား ပြန်လည် မွမ်းမံတည်ဆောက်မှုအတွက် အမေရိကန်ဒေါ်လာ သန်း ၁၁၀ ဝန်းကျင်ခန့် ကုန်ကျခဲ့ပါတယ်။
အိန္ဒိယနိုင်ငံ ခရစ်ကတ် အသင်း နဲ့ ဂူဂျာရတ်ပြည်နယ် ခရစ်ကတ် အသင်းတို့ရဲ့ အခြေစိုက်ကွင်းလည်း ဖြစ်ပါတယ်။ ၁၉၈၇ ၊ ၁၉၉၆ နဲ့ ၂၀၁၁ ခုနှစ်တွေမှာ ခရစ်ကတ် ကမ္ဘာ့ဖလားပွဲစဉ်တွေကို ကျင်းပခဲ့ရာ ကွင်းလည်း ဖြစ်ပါတယ်။
၁။ Rungrado 1st of May Stadium

ကမ္ဘာ့အကြီးဆုံး ဘောလုံးကွင်းအဖြစ်သာမက ကမ္ဘာ့အကြီးဆုံး အားကစားကွင်း ဂုဏ်ပုဒ်ကိုပါ ပိုင်ဆိုင်ထားတာကတော့ မြောက်ကိုရီးယားရဲ့ မေဒေးကွင်းဖြစ်ပါတယ်။
မြောက်ကိုရီးယားနိုင်ငံ ပြုံးယမ်းမြို့တော် ရမ်ဂရာ ကျွန်းမှာတည်ရှိပြီး ကမ္ဘာ့အလုပ်သမားနေ့ မေလ ၁ရက်နေ့မှာ ဖွင့်လှစ်ခဲ့တာကြောင့် မေဒေးကွင်းလို့နာမည်တွင်ခြင်းဖြစ်ပါတယ်။
နည်းနည်းရှည်တဲ့ သူ့ရဲ့နာမည် အပြည့်အစုံကတော့ The Rungrado 1st of May Stadium Pyongyang ဆိုပြီးဖြစ်ပါတယ်။၁၉၈၉ခုနှစ် မေလ ၁ရက်နေ့မှာ ဒီကွင်းကို စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။

အကျယ်အဝန်း ၅၁ဧက ရှိတဲ့မြေပေါ်မှာ တည်ဆောက်ထားတာဖြစ်ပြီး မုခ်ခုံးကြီးပေါင်း ၁၆ ခု ဝန်းပတ်ထားတဲ့ သဏ္ဍာန်နဲ့ တည်ဆောက်ထားတာဖြစ်ပါတယ်။
ပင်မကွင်းရဲ့ အကျယ်အဝန်းက စတုရန်းပေ ၂၄၂,၀၀၀ ထိ ကျယ်ဝန်းပါတယ်။ ပရိသတ်ဦးရေ ၁၅၀,၀၀၀ ခန့်ဆံ့ပြီး ၁၃ကြိမ်မြောက် ကမ္ဘာ့ကျောင်းသား နဲ့ လူငယ် စုံညီပွဲတော် (၁၉၈၉) နဲ့ ၂၀၁၇ခုနှစ် ယူ၂၃ အာရှဖလား အုပ်စုပွဲစဉ်တွေကို ကျင်းပခဲ့ဖူးပါတယ်။ ဒီကွင်းဟာ မြောက်ကိုရီးယား အမျိုးသား ၊ အမျိုးသမီးဘောလုံးအသင်းတွေနဲ့အတူ April 25 လို့ခေါ်တဲ့ အမျိုးသားတပ်မတော် အားကစားကလပ်အသင်းရဲ့ အခြေစိုက်ကွင်းလည်း ဖြစ်ပါတယ်။
(၂၀၁၄ ခုနှစ် မှာ ပြန်လည်ပြင်ဆင်မှုတွေပြုလုပ်ခဲ့ပြီးနောက် ပရိသတ်ဝင်ဆံ့မှု ၁၁၄,၀၀၀ ဦး အထိသာ ရှိတော့တယ်လို့ သိရပါတယ်)