ဆာဟာရ ကန္တာရထဲက အာဖရိကရဲ့ မျက်လုံး

ရီချက်ဖွဲ့စည်းတည်ဆောက်ပုံ Richat Structure လို့ အမည်ရတဲ့ ဒီနေရာဟာ အာဖရိကတိုက်မြောက်ပိုင်းက မော်ရီတေးနီးယားနိုင်ငံရဲ့ အနောက်အလယ်ပိုင်းမှာ တည်ရှိပါတယ်။ သူ့ရဲ့နောက်ထပ်အမည်ကတော့ အာဖရိကရဲ့မျက်လုံး ၊ မော်ရီတေးနီးယားရဲ့မျက်လုံး ၊ ဆာဟာရရဲ့မျက်လုံး စတာတွေ ဖြစ်ပါတယ်။ ဒီတခါတော့ ဒီနေရာရဲ့အကြောင်းကို သုတဇုန် မိတ်ဆွေများထံ ဝေမျှသွားပါမယ်။

စက်ပိုင်းပုံ သိသာထင်ရှားစွာဖြစ်နေပြီး ဆာဟာရသဲကန္တာရထဲက အွာဒရိန်းမြို့အနီး အက်ဒရာကုန်းပြင်မြင့်မှာ ရှိနေပါတယ်။ စက်ဝိုင်းကြီးရဲ့အချင်းဟာ ၂၅ မိုင် ရှိပြီး ကွင်းတွေအထပ်ထပ်ရစ်ပတ်နေသကဲ့သို့ ရှိနေကာ ကျောက်တုံးတွေစုပုံကာ အမိုးခုံးသဏ္ဍာန်နဲ့ ဖွဲ့စည်းထားပါတယ်။

ဒီနေရာကို ကောင်းကင် ဒါမှမဟုတ် ဂြိုဟ်တုကနေ ကြည့်ပါက တကယ့်မျက်လုံးကြီးတလုံးသဖွယ် ထင်ထင်ရှားရှား မြင်ရမှာ ဖြစ်ပါတယ်။ တကယ်တော့ ဒီနေရာဟာ ဒီလိုပုံသဏ္ဍာန်ရှိနေတယ်ဆိုတာကို ထင်ထင်ရှားရှား သိကြတာ ဆယ်စုနှစ် လေးငါးခုလောက်ပဲ ရှိပါသေးတယ်။ ၁၉၆၀ ခုနှစ်လောက်တုန်းက နာဆာရဲ့ Gemini ပရောဂျက်မှာ အာကာသကိုသွားခဲ့ကြတဲ့ အာကာသယာဉ်မှူးတွေကနေ ကမ္ဘာကိုရိုက်ယူထားတဲ့ ဓာတ်ပုံတွေကတဆင့် စတင် သတိထားမိလာကြတာဖြစ်ပါတယ်။

မူလကတော့ စက်ဝိုင်းပုံသဏ္ဍာန်ဖြစ်နေတဲ့ ဖွဲ့စည်းမှုကြောင့် လွန်ခဲ့သောနှစ်သန်းပေါင်းများစွာက ကြယ်တံခွန် ဒါမှမဟုတ် ဥက္ကာခဲတွေ ပြင်းထန်စွာကျရောက်ရာကနေ ဖြစ်ပေါ်လာတယ်လို့ ထင်ခဲ့ကြပေမယ့် လေ့လာခဲ့တဲ့အခါမှာတော့ ဒီလိုကျရောက်ခဲ့တယ် ဆိုတဲ့ သက်သေအထောက်အထားကို ရှာဖွေတွေ့ရှိခဲ့ခြင်း မရှိပါဘူး။ ဘူမိဗေဒပညာရှင်တွေ နှစ်ပေါင်းများစွာ လေ့လာပြီးတဲ့အခါမှာတော့ ဒီပုံစံဟာ ဥက္ကာခဲနဲ့ မသက်ဆိုင်ပဲ ကမ္ဘာ့မြေကြီးကိုသာ အခြေခံပြီး ဖြစ်လာတယ်ဆိုတာ သိလာကြပါတယ်။

ဒီနေရာမှာရှိတဲ့ ကျောက်တုံးတွေရဲ့သက်တမ်းကို ခွဲခြမ်းစိတ်ဖြာကြည့်တဲ့အခါမှာတော့ ဒီပုံစံအတိုင်းရှိနေတာဟာ နှစ်ပေါင်း သန်း ၁၀၀ ထက် မနည်းတော့ဘူးလို့ ဆိုကြပါတယ်။ ဒီဖွဲ့စည်းမှုဟာ အနည်ကျကျောက် (သလင်း နဲ့ သဲကျောက်လို) တွေသာမက မီးသင့်ကျောက်တွေလည်း ပါဝင်နေတာကို တွေ့ကြရပါတယ်။ ဒါအပြင် ကမ်ဘာလိုက် ၊ ကာဘွန်တိုက် နဲ့ black basalt လို တွင်းထွက်ကျောက်တွေလည်း ပါဝင်လျက်ရှိပါတယ်။

ဘူမိဖွဲ့စည်းမှုအရ bullseye လို့ခေါ်တဲ့ အလယ်ဗဟိုကကျောက်တုံးတွေဟာ အပြင်ဘက်ဝန်းရံထားတဲ့ကွင်းပုံသဏ္ဍာန်က ကျောက်တုံးတွေထက် ပိုပြီးသက်တမ်းရင့်နေပါတယ်။ ကန္တာရသဲမျက်နှာပြင်ထက် ဒီအခုံး နဲ့ ကွင်းတွေ ဟာ မီတာ ၂၀၀ ကနေ မီတာ ၅၀၀ ဝန်းကျင်အထိမြင့်ပါတယ်။

ကောင်းကင်ရိုက်ဓာတ်ပုံတွေကြောင့် ဒီနေရာ ဒီလိုဆန်းပြားတဲ့ သဏ္ဍာန်ဖြစ်နေတာကို သိကြတာဖြစ်ပြီး ကိုယ်တိုင်ရောက်သွားပါက သဲပြင်တွေကြား ကုန်းမြင့်တွေ ဖြစ်နေတာကိုပဲ မြင်ကြရမှာဖြစ်ပါတယ်။

ယခုနောက်ပိုင်း အများစုလက်ခံကြတာကတော့ လွန်ခဲ့တဲ့ နှစ်သန်းပေါင်းများစွာ က ကမ္ဘာ့မြေပြင်အောက်ဘက်အနီးက မီးတောင်လှုပ်ရှားမှုတွေဟာ ဒီဒေသရဲ့မြေမျက်နှာပြင်ကို မြင့်တက်လာစေပြီးတဲ့နောက် လေပွတ်တိုက်အနည်ကျမှု နဲ့ ရေကြောင်းရဲ့သယ်ဆောင်မှုတွေကြောင့် ယခုလို မျက်လုံးပုံသဏ္ဍာန်ဖြစ်လာစေတယ် ဆိုပြီးတော့ပါ။ အဲဒီအချိန်က ဒီဒေသဟာ ယနေ့လို ကန္တာရမဟုတ်သေးပဲ ရေပေါများစွာရှိတဲ့အရပ် လို့ လေ့လာတွေ့ရှိထားကြပါတယ်။

အာဖရိက မျက်လုံးလို့ ခေါ်တဲ့ ဒီနေရာကို တချိန်က ပျောက်ဆုံးသွားခဲ့သော အတ္တလန္တိတ်မြို့တော်ကြီးရှိခဲ့တဲ့ နေရာအဖြစ် တချို့ကလည်း ယူဆထားကြပါတယ်။ ဂရိအတွေးအခေါ်ပညာရှင်ကြီး ပလေတိုပြောခဲ့တဲ့ အတ္တလန္တိတ်မြို့တော်ကြီး တည်ဆောက်ပုံ နဲ့ ယခုနေရာရဲ့ဖွဲ့စည်းပုံက တူညီနေတဲ့အပြင် အတိုင်းအတာအရလည်း နီးနီးစပ်စပ် တူညီနေတာကြောင့် ဒီလိုယူဆကြပေမယ့် လေ့လာသုတေသနပြုမှုတွေအရတော့ ဒီစက်ဝိုင်းဧရိယာအလယ်မှာ လူသူနေထိုင်ခဲ့ပြီး မြို့ရှိခဲ့တယ်ဆိုတဲ့ အထောက်အထား တစုံတရာတော့ တွေ့ရှိခဲ့ရခြင်း မရှိပါဘူး။

ဘယ်လိုပဲဖြစ်စေ အာဖရိကမျက်လုံးကတော့ သူ့ရဲ့ဆန်းပြားတဲ့ ပုံသဏ္ဍာန်ကြောင့် ဘူမိလောကရဲ့ အံ့ဖွယ်တခုအဖြစ် သတ်မှတ်ခြင်းခံထားရပါတယ်။ ဒီနေရာကို အလည်အပတ်လာရောက်သူတွေရှိပေမယ့် အနည်းငယ်ကြမ်းတမ်းပြီး ဒေသခံကျွမ်းကျင်သူတတွ အကူအညီပါမှ သွားလို့ရတဲ့ ခရီးဖြစ်တာကြောင့် တော်ရုံသွားချင်စိတ်နဲ့တော့ လာရောက်လေ့မရှိကြပါဘူး။

ခရီးသွားလုပ်ငန်းတချို့ကတော့ အာဖရိကမျက်လုံးကို ကောင်းကင်ကနေ ကိုယ်တိုင်ကြည့်စေနိုင်ဖို့ လေယာဉ်ခရီးစဉ် ၊ မိုးပျံပူပေါင်းခရီးစဉ်တွေကို ဝန်ဆောင်မှုပေးကြပါတယ်။

အာဖရိကမျက်လုံးဟာ ခရီးသွားတွေကိုသာမက ဘူမိဗေဒပညာရှင်တွေကိုလည်း သူ့ရဲ့သွင်ပြင်ဖွဲ့စည်းပုံတွေက ဆွဲဆောင်လျက်ရှိပါတယ်။ ဒီနေရာဟာ ကန္တာရဆန်ပြီး မိုးရေချိန်အနည်းငယ်သာ ရွာသွန်းတတ်တာကြောင့် ဒီဧရိယာထဲမှာ လူသူနေထိုင်ခြင်း မရှိပါဘူး။ ဒီလိုမရှိတာကပဲ အာဖရိမျက်လုံးကို သဘာဝအတိုင်းနှစ်ပေါင်း များစွာ မပျက်မစီးပဲ ကျန်ရှိနေစေတာပါ။

ဒါပေမယ့် ရာသီဥတုပြောင်းလဲမှုကြောင့် အလွန်ပြင်းထန်တဲ့ လေများတိုက်ခတ်တဲ့အပြင်သဲတွေလည်း တဖြည်းဖြည်းများလာကြောင့် အနာဂါတ်မှာ အာဖရိကမျက်လုံးဒေသတခုလုံးကို သဲများဖုံးလွှမ်းသွားပြီး ဘူမိအံ့ဖွယ်နေရာတခု ပျောက်ကွယ်သွားမှာကတော့ စိုးရိမ်စရာတခုပဲ ဖြစ်ပါတော့တယ်။

Leave a Comment

Your email address will not be published. Required fields are marked *