အင်းဝနန်းတွင်းမှာ ဘုရင်ကလည်းအသက် ၂၀ ကျော်အရွယ်၊ ဘေးနားမှာလည်း အခြွေအရံတွေစုံလို့၊ သူ့ရှေ့မှာတော့ ကြိုးအထပ်ထပ်ချည်ထားခံရတဲ့ တရားခံယောကျာ်းတစ်ဦး ။
အဖမ်းခံရသူကတော့ မင်းနေပြည်တော်ရဲ့ အကြီးမားဆုံးသူခိုးပဲဖြစ်ပါတယ်။ ဘုရင်က မီးဝင်းဝင်းတောက်တဲ့မျက်လုံးတွေနဲ့ကြည့်လို့ “နင့်ကိုမိပြီ…ရဲတင်း၊ ပုဆိန်၊ ဓားလှံ၊ တံကျင်၊ ဘာကိုလိုသလဲ” လို့သူခိုးကိုမေးလိုက်ပါတယ်။
အဖမ်းခံရပေမယ့်လို့ ကြောက်ပုံတစ်စက်မှမရှိတဲ့ သူခိုးကလည်း ‘မင်းကြီး ငါ့ကိုမိပြီ၊ ကွပ်လိုရာ ကွပ်တော်မူလော့၊ ငါ့အလိုသော်ကား မိဖုရားစောဥမ္မာကို အလိုရှိ၏’ လို့မဆိုင်းမတွပြန်ပြောပါတယ်။ မိဖုရားကိုလိုချင်လို့ဆိုတာမဟုတ်ပဲ ဘုရင်ကိုအညံမခံတဲ့စိတ်နဲ့ ဆိုလိုက်တာဖြစ်ပါတယ်။
အမှန်ဆိုရင် အသက်ချမ်းသာပေးပါ ဒါမှမဟုတ် လက်နက်တစ်ခုခုရွေးပြီး အဲ့ဒါနဲ့သတ်ပါ စတဲ့ဖြစ်နိုင်ဖွယ်ရာကိုကျော်လွန်ပြီး ဘုရင့်ဘေးကမိဖုရားကို တောင်းလိုက်တာ နည်းနည်းနောနောသတ္တိတော့မဟုတ်ပါ။
ဒီအချိန်ဘုရင်ဘာဖြစ်သွားမယ် ထင်ပါသလဲ။ ဒီဘုရင်ကလည်း နှယ်နှယ်ရရဘုရင်မဟုတ်။ ဘယကျော်သူကိုသတ်ပြီး အလောင်းပေါ်ပွဲတော်တည်ခဲ့တဲ့ဘုရင်၊ စစ်ကိုင်းဘက်ကအရည်းကြီး ရှင်ယောင်တွေကိုသတ်ပြီး နန်းတော်ကြမ်းပြင်ဖြဲပြီး ပစ်ချခဲ့တဲ့ဘုရင်၊ ဒီလိုဘုရင်ဆိုတော့ တရားခံကို ဒေါသတကြီးနဲ့ ချက်ချင်းပဲ ထခုတ်တော့မလား။
တကယ်တော့ ဘုရင်က အမျက်တစိမှမရှိပဲ ‘ငါသို့သောမင်းကိုကျော်လျက်၊ ဤသို့သောစကားကို ဆိုဝံ၏၊ အချည်းနှီး မသေလေကောင်း’ လို့ မိန့်တော်မူလိုက်ပြီးအသက်ဘေးကလွှတ်ရုံမက ရွှေတိုက်စိုးအရာခန့်လိုက်ပါတယ်။ ‘သူခိုးကိုရွှေတိုက်စိုးခန့်’ ဆိုတဲ့စကားဟာ ဒီနေရာကလာတာပါ။

ဘုရင်ရဲ့ဆုံးဖြတ်ချက်မှန်ခဲ့ပါတယ်။ နောက်အခါ ဒီသတ္တိရှိလှပြီး စိတ်နှလုံးကောင်းမွန်တဲ့ ရွှေတိုက်စိုးဟာ သူ့ကိုအကြိမ်ပေါင်းများစွာ ကူညီခဲ့လို့ပါပဲ။
ဘုရင်ကတော့ မြန်မာ့ရာဇဝင်မှာထင်ရှားခဲ့တဲ့၊ အသက် ၁၉ အရွယ်နဲ့ လက်ရုံးရည်နှလုံးရည်ပြည့်ဝတဲ့၊ အင်းဝမြို့ကိုတည်နိုင်ခဲ့တဲ့’သတိုးမင်းဖျား’ ဖြစ်ပြီး သူခိုးကတော့ အခုထိလူတိုင်းသိနေကြတုန်းဖြစ်တဲ့ ‘သူခိုးကြီးကျော်ကြီး ငတက်ပြား’ ပဲဖြစ်ပါတယ်။
(မှတ်ချက်။ သတိုးမင်းဖျားဟာရဲရင့်တဲ့ဘုရင်ဖြစ်သော်လည်း အသက်၂၅ နှစ်အရွယ်မှာ စကုစားသိင်္ခဗိုလ်ကို သွားရောက်နှိမ်နှင်းရင်းကျောက်ရောဂါကြောင့် ငယ်ငယ်ရွယ်ရွယ်နဲ့ ဆုံးပါးခဲ့ရပါတယ် )
Ref: ဆရာချစ်ဦးညိုရဲ့ သမိုင်းမတွင်ပေမယ့်သမိုင်းဝင်နေတဲ့စကားမျာ: