ပျူစောထီးမင်း

ပျူစောထီးမင်း နှင့် ငှက်ပစ်တောင်ဘုရား သမိုင်း

( ၁၆၇ – ၂၄၂ )ဘုန်းလက်ရုံးအခြွေအရံ အသာလွန်ဆုံးသောမင်း ( သို့ ) ပုဂံခေတ် သက်တော်အရှည်ဆုံးမင်းတစ်ပါး ( သို့ ) တတိယမြောက် ပုဂံဧကရာဇ်

ပျူစောထီးကို ပျူအိုတို့မွေး၍ ကြီးသောကြောင့်ပျူမင်းထီးဟု အမည်တွင်လေသည်။ ရှေးသရောအခါပုဂံပြည်တွင် သမုဒ္ဒရာဇ်မင်း လက်ထက်၌ ငှက်ကြီး ၊ဝက်ကြီး ၊ ကျားကြီး၊ ရှူးပျံ တို့သည် ပြည်ရွာကိုနှောက်ယှက် မင်းမူနေကြ၏။ထိုရန်သူတို့ကိုစွမ်းအားသတ္တိနှင့် ပြည့်စုံသောပျူစောထီးက ဖြိုဖျက်လိုက်လေသည်။

(သမုဒ္ဒရာဇ်မင်းမှာသာသနာ ၆၇၁မှ ၆၉၆ ခုအထိ အုပ်စိုးသည် ဆိုသည်) ပျူစောထီးမင်းကား အထက် တကောင်းမင်းမျိုး ၊သတိုး အာဒိစ္စရာဇာမည်သောမင်း၏သားတည်း။ ပြည်ရွာမငြိမ်သက်ဖြစ်သဖြင့် ပြေးပုန်းရှောင်လွဲနေရာမှ ပုဂံပြည်ဆီသို့ ရောက်ရှိ၊ ပုဂံအနီး မြေခဲတွင်းရွာနေပျူအိုလင်မယားထံတွင် မှီခိုနေလေ၏။
ပျူအိုလင်မယားကလည်း သားသမီး မရှိသည်နှင့် သားအရင်းကဲ့သို့ မွေးကျွေးထား၏။ ပျူစောထီးသည် လေးအတတ်ကို ခုနစ်နှစ်သား လောက်ကပင်တတ်မြောက်ခဲ့၏။ ယခု ၁၆ နှစ်သား အရွယ်၌ကား အလွန်အကျူး အထူးတတ်မြောက်လေသည်။ တစ်ခါသော် ပျူစောထီး သည် မိမိ၏လေးမြားကို စမ်းလို၍ တောသို့လှည့်ပတ်အံ့ဟုပျူအိုလင်မယားထံ၌ ခွင့်တောင်းလေရာ ၎င်းတို့ကလည်း ချစ်ခင်စိုးရိမ်စွာဖြင့် ဤသို့ဆိုကြ၏။

” ချစ်သား ပုဂံပြည်တွင် အရှေ့မျက်နှာအရပ်၌အလွန်အားအင်ကြီးသော ဝက်ကြီး တစ်ကောင်သည်အရံဝက်များနှင့် ပြည်ရွာတွင်းသို့ ဝင်ရောက်ကာလူတို့ စိုက်ပျိုးထားသော အသီးအနှံစပါးဆန်တို့ကို တူးဆွဖျက်ဆီးစားသောက် နှောက်ယှက်၏။လူတို့ကိုလည်းရန်မူ၏။ မင်းကြီး မနိုင်နိုင်၍ ထမင်း ၊ဖရုံသီး ၊ ဖွဲနုတို့ကိုထိုဝက်ကြီးတို့အား နေ့တိုင်းပေးရကျွေးရ၏။ “

” အနောက်မျက်နှာ၌ အလွန်ကြီးမားသော ငှက်ကြီးတစ်ကောင်သည် အရံငှက်များနှင့် အလွန် သောင်းကျန်းနေ၏။ တစ်ခါတစ်ရံ လူများကိုပင် ထိုးသုတ်ပေါက်သတ် စားလေသည်။ ဤငှက်ကြီးကိုလည်းမင်းကြီးမနိုင်၍ အစားအစာ ပေး၍ ကျွေးနေရ၏။ “

” တောင်မျက်နှာ၌ ကျားကြီးတစ်ကောင်သည် အရံကျားများနှင့် အစဉ်မပြတ်လိုပင် ပြည်ရွာတွင်းသို့ ဝင်၍ လူသူ ကျွဲနွားတို့ကို ကိုက်ယူ စားသောက်လေသည်။ ဤရန်သူကိုလည်း မင်းကြီးမနိုင်လေ။ “

” မြောက်မျက်နှာ၌ ရှူးပျံတို့သည် လူတို့၏ အဝတ်အစား ၊ အသုံးအဆောင် ၊ အိမ်မိုးသက်ငယ်မှ မကျန်တွေ့သမျှကို ကိုက်ဖဲ့ ဖျက်ဆီးတတ်၏။ “

” ဤရန်သူကြီး လေးဦးအပြင် အနှောင့်အယှက်တစ်ခုရှိသေး၏။ ငါတို့ပုဂံပြည်တစ်ဝန်း၌ ဘူးခါးပင်တို့သည် ဖျက်ဆီး၍ မနိုင်အောင် ပေါက်၏။ အနွယ်အတက်တို့မှာ အလွန်လျင်မြန်စွာ ပွား၏။ တစ်ပင်တစ်နွယ်ကို ဖျက်လျှင်နှစ်ပင်နှစ်နွယ် ဖြစ်လာ၍ တစ်ညွန့်ကို ဖျက်လျှင် နှစ်ညွန့်ဖြစ်လာ၏။ လူသူ မနေနိုင်လောက်အောင် ၊အသီးအနှံမစိုက်ပျိုးနိုင်လောက်အောင် အနှောင့်အယှက် ဖြစ်နေ၏။ “

” ဤသို့လျှင် ဝက် ၊ ငှက် ၊ ကျား ၊ ရှူးပျံ ၊ ဘူး တည်းဟူသော ရန်သူအနှောင့်အယှက်တို့ ငါတို့ ပုဂံပြည်ကို နှိပ်စက်နေသည်မှာ ယခု ၁၂ နှစ်တိုင်တိုင် ရှိလေပြီ။ ချစ်သား သတိနှင့်သွားပါ ၊ ငါတို့စိုးရိမ်၏ “ဟု ဆိုကှ၏။

ပျူစောထီးကားမိမိ၏အစွမ်း လေးမြားကိုအားကိုး၍ထိုရန်သူများ ရှိရာသို့ပင် သွားရောက်လေ၏။ရှေးဦးစွာဝက်ကြီးကိုတွေ့လေလျှင် ဝက်ကြီးသည်မာန်ဖီ၍အမွေးအမှင်ထောင်လျက်ပုတ်လောက်ကြီးသော ကျောက်တုံးမြေတုံးတို့ကို တူးဖော်ကာသစ်ပင်ကြီးငယ်တို့ကို ထိုးကြိတ် ဖြိုလှဲပြီးလျှင်မင်းသားကိုထိုးပက်ရန်ပြေးလာလေ၏။ မင်းသားကလေးဖြင့်ပစ်လိုက်ရာ မြားထိ၍ဝက်ကြီးသေလေသည်။

ဝက်ကြီးသေပြီးနောက် သုံးရက်ကြာသောအခါပျူစောထီးသည်ငှက်ကြီးရှိရာသို့ လာခဲ့၏။ မင်းကြီးထံမှ ငှက်စာပို့ရသော ငှက်စာဆော် ငကော် သည်မိန်းမပျို ခုနစ်ယောက်နှင့်ငှက်စာပို့ရန် လာသည်ကိုပျူစောထီးတွေ့သောအခါ” ငှက်စာမပို့နှင့် ၊ငှက်ကြီးကို ငါ သတ်မည် “ဟုပြောကာ ထိုမိန်းမပျို ခုနစ်ယောက်ကိုလည်းသိမ်းယူလိုက်လေ၏။

ငှက်ကြီးသည်လည်းလက်ပံပင်ကြီး သုံးပင်တွင် အလယ်ပင်၌ နား၍ ဘေးနှစ်ပင်တွင် အတောင် တင်ထား၏။မင်းသားကို မြင်သော် အစာလည်း မစားရသည်နှင့်ပြင်းစွာအမျက်ထွက်၍ အစွမ်းသတ္တိ အမျိုးမျိုး ပြပြီးသော် မင်းသားကို ပေါက်လိုက်၏။ မင်းသားလည်းလေးကို ထောက်၍ နောက်သို့ ခုန်လိုက်သည်မှာအတောင် ၇၀ မျှရောက်လေ၏။ လူကိုမထိဘဲ မြေကို ပေါက်မိ၍ နှုတ်သီးတွင် ပါလာသော မြေကြီးကိုထွေးအန်ပစ်ရာတောင်ငယ်မျှ ရှိနေသည်ကိုယခုတိုင် ‘ ငှက်အန်တောင် ‘ ဟုခေါ်ကြသည်။

မင်းသားကား ကြောက်လန့်ခြင်း မရှိဘဲ ကြုံးဝါးပြီးလျှင် လေးနှင့်ပစ်လိုက်ရာ ငှက်ကြီးကို ထိမှန်၍ ငှက်ကြီးစင်းစင်းသေလေ၏။ငှက်တောင်တချောင်းကို နုတ်၍ မိန်းမပျိုခုနစ်ယောက်အား ရွက်စေရာ အနိုင်နိုင်ပင် ရွက်ရလေသည်။ ပြီးမှ” သင်တို့ မင်းကြီးအား သွား၍ ဆက်ချေ “ဟု စေလိုက်၏။

မိန်းမပျိုတို့လည်း လမ်းတွင် ငှက်တောင်လေး၍မရွက်နိုင်သဖြင့် ပစ်ခဲ့လေ၏။ ထိုအရပ်ကို ‘ ငှက်တောင်ပစ် ‘ ဟူ၍ လည်းကောင်း ၊ ငှက်ကြီးကို ပစ်သတ်သောနေရာကို ‘ ငှက်ပစ်တောင် ‘ ဟူ၍ လည်းကောင်း ယခုတိုင် ခေါ်ကြလေသည်။၁၃ နှစ်တိုင်တိုင် နှောင့်ယှက် နှိပ်စက်နေကြသော ရန်သူတို့ သေလေပြီ ဖြစ်ကြောင်း မိန်းမပျိုတို့ လျှောက်၍ မင်းကြီး ကြားရသော် အလွန်နှစ်သက်ဝမ်းမြောက်၍ စစ်သည်ဗိုလ်ပါနှင့်တကွ ပျူစောထီးရှိရာသို့ လာရောက်လေ၏။

တွေ့ရမှ” အဘယ် အမျိုးအနွယ် ဖြစ်သနည်း ၊ အဘယ်လက်နက်ဖြင့် သတ်သနည်း “ဟု မေးတော်မူသော် ဟုတ်တိုင်းကိုလျှောက်ပေ၏။

ထိုအကြောင်းကို ပုဂံပြည့်ရှင်မင်းကြီး ကြားသိရသော် အလွန်နှစ်သက် အားရတော် မူသဖြင့် သမီးတော် စန္ဒာဒေဝီနှင့် ပျူစောထီးကို လက်ထက် ထိမ်းမြားပေး၍ အိမ်ရှေ့မင်း ရာထူးဖြင့် ချီးမြှောက်တော်မူသည်။

သို့သော် သမုဒ္ဒရာဇ်မင်းလွန်သောအခါတွင်ပျူစောထီးက ကျေးဇူးရှင် ဆရာရသေ့ရသေ့ကြောင်မင်းကိုပင့်ဖိတ်၍ ပုဂံတွင် မင်းပြုစေသည်။ ရသေ့ကြောင်မင်းမင်းစည်းစိမ် ၁၅-နှစ်တွင် နတ်ရွာစံတော်မူလေသည်။ ထို့နောက် သက္ကရာဇ် ၈၉-ခုနှစ်တွင်ပျူစောထီးနန်းတက်၏။ ရွာ(၁၉)ရွာကိုပေါင်း၍အရိမဒ္ဒနာသမုတ်၍ မြို့တည်လေသည်။

ပျူစောထီးသည်ငှက်ကြီးခွင်းရာအရပ်၌ဥမင်နှင့် ဘုရားတစ်ဆူ၊ လေးရရာအရပ်၌ဘုရားတစ်ဆူ၊ မြှားရရာအရပ်၌ ဘုရားတစ်ဆူ၊ ငှက်တောင်ပစ်ရရာ၌ ဘုရားတစ်ဆူ၊သမီးငှက်ရရာ၌ဘုရားတစ်ဆူ၊ ကျားကြီးခွင်းရာအရပ်၌ဘုရားတစ်ဆူ၊ ဝက်ကြီးခွင်းရာအရပ်၌ ဘုရားတစ်ဆူ၊ရှူးပျံခွင်းရာအရပ်၌ ဘုရားတစ်ဆူ၊ ဗျိုင်းဂူ၊ ဖွတ်ဂူ၊ဘားဂူ၊ ပေါက်ပင်ဂူ၊ ဗူးဘုရားတစ်ဆူ၊ စသည့်ကောင်းမှုများကိုလည်း ပြုတော်မူသည်။

တရုတ်မြို့ကို တည်တော်မူသည်။ တရုတ်မြို့၌သီရိဓမ္မာသောကမင်း ကောင်းမှု မုဋ္ဌောစေတီကိုလည်း ထပ်မံ၍ ပြုပြင်တော်မူသည်။ ရွာသစ်ကြီးအရပ်၌ ဆံတော်ရှင်ဘုရားကိုလည်း တည်တော်မူသည်။ ၎င်းဆံတော်ရှင်ဘုရားကို ငတပါးမင်း စ၍ တည်သည်ဟူ၍သူကောင်းတို့ ပြောကြသည်။

မုံရွေးအရှေ့၊ ဆင်ဖြူရတောင်ထိပ်သီရိဓမ္မာသောကမင်း ကောင်းမှု မုဠောဘုရားကိုလည်း တည်တော်မူသည်။ နောင် မိုးညှင်းမင်းတို့ထပ်မံ၍ တည်တော်မူလေပြီး မုဋ္ဌောမတွင်၊ရွှေမြင်တင်ဟု တွင်သည်။ မင်းစည်းစိမ်(၇၅)နှစ်တွင်အနိစ္စရောက်တော်မူသည်။ ပျူစောထီးသညနေရာအားယင်ခွန်အားဗလကောင်းသဖြင့်အသက် ၁၁၀ တိုင်အောင်ထီးနန်းစိုးစံခဲ့ရသည်။ ငှက်ကြီးကိုပစ်သတ်သော နေရာအားယခုထက်တိုင် “ငှက်ပစ်တောင်”ဟုခေါ်နေကြသည်။

မူရင်း ရေးသားသူကို လေးစားစွာ crd

Leave a Comment

Your email address will not be published.

//moksoxos.com/4/5314809