ရေချိုးကြောက် သူများ၊ အအေးဒဏ် ကြောင့် တစ်ပတ်မှာ တစ်ကြိမ်ခန့်သာ ရေချိုးသူများ တွင် ခေါင်းမူးရောဂါ ရနိုင်ကြောင်း တွေ့ရှိရသည်။ အသက် ၆ဝ ကျော် လူကြီးတစ်ဦး ခေါင်းမူးသဖြင့် သွေးပေါင် တက်သည် ထင်ပြီး ချိန်ကြည့်သော အခါ ပုံမှန် သွေးပေါင် ဖြစ်ကြောင်း တွေ့ရသည်။
ခေါင်းမူးသဖြင့် အလုပ်မလုပ် နိုင်သည့်အပြင် အစားအသောက် ပါပျက် လာသည်။ ထိုသူသည် အအေးပတ် လွယ်သဖြင့် ကြောက်ပြီး ရေမချိုးသည်မှာ ၁ဝ ရက်ခန့် ရှိပြီဟု ဆိုသည်။ ရေနွေး အနည်းငယ် စပ်ပြီး ရေနေ့စဉ်ချိုး သောအခါ ခေါင်းမူး သက်သာ သွားသည်ဟု ဆိုသည်။
ဇက်ကျီးပေါင်း ရောဂါရှိသူ အသက် ၅ဝ ဝန်းကျင် ကျောင်းဆရာ တစ်ဦးမှာလည်း နံနက်စောစော ကျောင်းသွား ရသဖြင့် ရေမချိုးဖြစ်။
ကျောင်းပိတ်ရက် မှသာ ရေချိုးသည်။
ကျီးပေါင်းတက်ပြီး အာရုံကြော နှင့် လည်ပင်းရိုးဆစ် ညပ်သူများမှာ ချာချာ လည်အောင် မူးလေ့ ရှိသည်။ ပုံမှန်အားဖြင့် မမူး၊ ပစ္စည်း တစ်ခုခုကို ကုန်းကောက် လိုက်သောအခါ ဖြစ်စေ၊ မြင့်သော နေရာရှိ ပစ္စည်းတစ်ခုခု ကိုယူရန် မော့ကြည့် လိုက်သောအခါတွင် ဖြစ်စေ သတိ လက်လွတ် ချာချာလည်အောင် မူးသွားတတ်သည်။
ဤသည်မှာ လည်ပင်းရိုးဆစ် ကျီးပေါင်းတက် ရောဂါ၏ သဘောဖြစ်သည်။ တစ်ခါတစ်ရံ နှလုံးရောဂါ ထင်ပြီး ဆေးကုမှား တတ်သည်။

အဆိုပါ ကျောင်းဆရာ သည် ရေမချိုးရက် များ၍ မူးလာသော အခါ ဖြစ်နေကျ ကျီးပေါင်း ရောဂါကြောင့် မူးသည်ထင်ပြီး ယခင် ကုနေကျ ကုထုံးအတိုင်း ဆေးရုံ ဆေးခန်း သွားပြီး ဇက်ကိုခဲ ဆွဲသည်။ မသက် သာသည့် အပြင် ပို၍ မူးလာသည်။
ကျောင်းပိတ်ရက် ရေချိုးသည့် နေ့များတွင် ခေါင်းမူး သက်သာသည်ကို သတိပြုမိသည့် အခါကျမှ ဇက်ကျီးပေါင်း ရောဂါကြောင့် မူးခြင်း မဟုတ်ဘဲ ရေမချိုး၍ မူးခြင်း ဖြစ်ကြောင်း သိလာရသည်။
သတိပြုမိ ပြီးနောက် နေ့လည် အားလပ်ချိန် တွင် ကျောင်းမှ အိမ်သို့ ပြန်လာပြီး နေ့စဉ် ရေချိုးသောအခါ ချာချာလည် အမူးရောဂါမှာ ပျောက်ကင်း သွားသည်။
အရပ်သုံး စကား ”ရေမချိုးလို့ သေတဲ့မသာ မရှိဘူး…ရေချိုးလို့ သေတဲ့ မသာပဲ ရှိတယ်…” ဟူသော စကားမှာ မှားယွင်းသော အယူအဆ ဖြစ်သည်။
ရေမချိုးခြင်းအပြစ်(၁ဝ)ပါးရှိသည်။
၁။ အခိုးငုတ်ခြင်း
၂။ မသန့်ခြင်း
၃။ လေချုပ်ခြင်း
၄။ သွားနာခြင်း
၅။ မျက်စိဝေခြင်း
၆။ ဆံပင်ကျွတ်ခြင်း
၇။ အသံပျက်ခြင်း
၈။ သမ်းဝေခြင်း
၉။ ခေါင်းမူးခြင်း
၁ဝ။ အသားပတ်ခြင်း
အထက်ပါ အချက်များကို ကြည့်ခြင်း အားဖြင့် ရောဂါ မဟုတ်သော်လည်း ရေမချိုးခြင်း ကြောင့်ဖြစ်သော ပြဿနာ အတော်များများ ရှိကြောင်း တွေ့နိုင်ပေသည်။
ဆောင်းတွင်း အေးသဖြင့် နေ့စဉ် ရေမချိုး နိုင်သည့်တိုင် တစ်ရက်ခြား ရေချိုးနိုင်အောင် ကြိုးစား သင့်သည်။
အအေးမပတ် စေရန် ရေနွေး စပ်ချိုးပါ။
(အလွန်အမင်း ပူအောင် မစပ်ပါနှင့်)။ ရေပေးရေးမှ ရေပေးဝေ ချိန်တွင် ပိုက်မှ စီးလာသော ရေသည် အနွေးဓာတ် ပါသည်။
ထိုအချိန်တွင် ရေတင်ပြီး ချိုးပါ။ အဝီစိတွင်း ရှိသူများမှာ ရေတင်ပြီး ချက်ချင်း ချိုးလျှင် နွေးပါသည်။
ရေနွေး မရှိလျှင် ရေကို အင်တုံတွင် ထည့်ပြီး နေ့ ၁၁ နာရီမှ ၁၂ နာရီအတွင်း နေရောင်ခြည် ပြပြီး နွေးသောရေ ချိုးပါ။
ရေချိုးပြီးလျှင် နွေးသော အဝတ်ကို လျင်မြန်စွာ ဝတ်ပါ။
ရေနွေးပူပူ၊ ကော်ဖီပူပူ သို့မဟုတ် မြန်မာ့ရိုးရာ အခိုးပွင့်ဆေး တစ်မျိုးမျိုးကို သောက်ပါ။
နေ့စဉ် ရေချိုးခြင်း သည် အခိုးပွင့် ကျန်းမာပြီး သွေးတိုးခြင်း ကိုလည်း လျော့ကျ စေနိုင်သော နည်းဖြစ်ပါသည်။
အားလုံးကျန်းမာကြပါစေ။
crd to owner