သြစတြေးလျတိုက် အကြောင်း သိကောင်းစရာ

သြစတြေးလျတိုက်ဟာ တောင်ကမ္ဘာလုံးခြမ်းမှာ တည်ရှိပြီး ကမ္ဘာပေါ်ရှိ တိုက်ကြီး ၇ တိုက်အနက် အသေးငယ်ဆုံး တိုက်လည်းဖြစ်ပါတယ်။ သြစတြေးလျတိုက် ကုန်းမကြီးအပြင် ၊ တက်စ်မေးနီးယား ၊ နယူးဂီနီကျွန်း နှင့် အခြားကျွန်းငယ်များတို့ဖြင့် ဖွဲ့စည်းထားပါတယ်။

သြစတြေးလျတိုက်မှာ သြစတြေးလျ နဲ့ ပါပူအာနယူးဂီနီနိုင်ငံတွေအပြင် အင်ဒိုနီးရှားနိုင်ငံရဲ့ အစိတ်အပိုင်းအချို့လည်းပါဝင်နေပါတယ်။ သြစတြေးလျတိုက်ရဲ့ ဧရိယာက စတုရန်းမိုင် ၃.၃ သန်းခန့်ဖြစ်ပြီး ၂၀၁၉ ခုနှစ်စာရင်းအရ လူဦးရေ ၃၉ သန်းခန့် နေထိုင်ကြပါတယ်။

လူနေထိုင်မှု အလွန်ကျဲပါးပြီး ၁ မိုင်ပတ်လည်မှာ နေထိုင်သူ ၁၁ ယောက်ခန့် သာ ရှိပါတယ်။ တိုက်ကြီး ၇ တိုက်အနက် အန္တာတိကတိုက်ပြီးလျှင် လူဦးရေအနည်းဆုံး တိုက်လည်းဖြစ်ပါတယ်။

သြစတြေးလျတိုက်ရဲ့ အကြီးဆုံးမြို့ကြီးတွေကတော့ ဆစ်ဒနီ ၊ မဲလ်ဘုန်း ၊ ဘရစ်ဘိန်း နဲ့ ပါ့သ် တို့ ဖြစ်ကြပြီး ဒီမြို့တွေမှာတော့ လူဦးရေ ၂သန်းကျော်ကနေ ၅သန်းဝန်းကျင်အထိ နေထိုင်ကြပါတယ်။

ဘာသာစကားအနေနဲ့ အင်္ဂလိပ် ၊ အင်ဒိုနီးရှား ၊ ပါပူအာ နယူးဂီနီ သားတွေသုံးကြတဲ့ Tok Pisin နဲ့ Hiri Motu တို့အပြင် အခြားတိုင်းရင်းသား ဘာသာစကား ၃၀၀ ကျော်ကိုလည်း ပြောဆိုသုံးစွဲကြပါတယ်။

ဩစတြေးလျတိုက်ကို မြေမျက်နှာသွင်ပြင်လိုက်ကာ (၁) အနောက်ကုန်းမြင့်ဒေသ၊ (၂)အလယ်ပိုင်းမြေနိမ့်ဒေသ၊ (၃) အရှေ့တောင်တန်းဒေသ ဆိုပြီး ၃ ပိုင်းခွဲခြားထားပါတယ်။ အနောက်ကုန်းမြင့်ဒေသဟာ ပေ ၆ဝဝ မှ ၁,၅ဝဝ အထိသာမြင့်ပြီး ဒီဒေသဟာ ဩစတြေးလျတိုက်ရဲ့ တဝက်လောက် ကျယ်ဝန်းပါတယ်။

အလယ်ပိုင်းမြေနိမ့်ဒေသကတော့ ပင်လယ်သို့ထွက်ပေါက် မရှိသော မြစ်များစီးဆင်းရာဒေသ ဖြစ်ပါတယ်။ အချို့နေရာတွင် ပင်လယ်ရေမျက်နှာပြင်ထက် နိမ့်နေတတ်ပြီး အရှေ့တောင်ဘက် ပိုင်းဖြစ်သော မာရေးမြစ်ဝှမ်းဒေသသည် အနိမ့်ဆုံးအပိုင်းဖြစ်ပါတယ်။

အရှေ့တောင်တန်းဒေသ ကိုတော့ ဂရိတ်ဒီဗိုက်ဒင်း တောင်တန်းလို့ ခေါ်ပါတယ်။ ဒီတောင်တန်းကြီးဟာ ဩစတြေးလျတိုက် အရှေ့ဘက်ကမ်းရိုး တလျှောက်တွင် ကမ်းရိုးနှင့် မိုင် ၅ဝ မှ ၃ဝဝ အကွာ၌ တန်းနေ၍ တောင်ဘက်ဆုံးမှာတော့ အမြင့်ဆုံးတောင်များရှိနေပါတယ်။

သြစတြေးလျတိုက်ရဲ့ အမြင့်ဆုံးတောင်ကတော့ နယူးဂီနီကျွန်းမှာရှိတဲ့ Puncak Jaya တောင်ဖြစ်ပြီး ဒီတောင်ဟာ အမြင့်ပေ ၁၆၀၂၄ ပေ မြင့်ပါတယ်။

သြစတြေးလျရဲ့ မူလတိုင်းရင်းသားတွေဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၅၀၀၀၀ နဲ့ ၇၀၀၀၀ ကြားကာလခန့်က အာရှ နဲ့ အာဖရိက တိုက်တွေကနေ ရောက်ရှိလာခဲ့ကြတာလို့ သိရပါတယ်။ သြစတြေးလျရဲ့ လူတွေအခြေချနေထိုင်တဲ့ ရှေးအကျဆုံးအထောက်အထားတွေဖြစ်တဲ့ လူအရိုးစုတွေကိုတော့ နယူးဆောက်ဝေးပြည်နယ်က Mungo ရေကန်ကြီးထဲမှာ တွေ့ရှိခဲ့တာဖြစ်ပြီး သက်တမ်းခန့်မှန်းမှုအရ လွန်ခဲ့သော နှစ်ပေါင်း ၄၀၀၀၀ ခန့်ကလို့ သိရပါတယ်။

သြစတြေးလျကို အစောဆုံးခြေချနိုင်ခဲ့တဲ့ ဥရောပတိုက်သားကတော့ ဒတ်လူမျိုး နယ်မြေသစ်ရှာဖွေသူ Willem Janszoon ဖြစ်ပါတယ်။ သူဟာ ၁၆၀၁ ခုနှစ်က သြစတြေးလျ Cape York ကျွန်းဆွယ်ကို စတင်ရောက်ရှိခဲ့တာဖြစ်ပါတယ်။

အဲဒီနောက်မှာတော့ စပိန်တွေလည်း ရောက်ရှိလာကြပြီး သူတို့ရောက်ရှိစဉ်က သြစတြေးလျ ဒေသခံတိုင်းရင်းသားတွေဟာ သစ်သား ၊ ကျောက်တုံး စတာတွေနဲ့ ဖန်တီးထားတဲ့ ကိရိယာတွေကို သုံးစွဲနေဆဲ အဆင့်မှာပဲ ရှိနေပါသေးတယ်။

၁၇၈၈ ခုနှစ်မှာတော့ ဗြိတိသျှရေတပ်ဗိုလ်ချုပ် Captain Arthur Phillip ဟာ ထောင်သား ၈၅၀ ခန့်ပါဝင်တဲ့ သင်္ဘော ၁၁ စီး နဲ့အတူ ယနေ့ ဆစ်ဒနီရှိရာနေရာမှာ အခြေချခဲ့ပြီးတဲ့နောက် ဗြိတိသျှတို့ လွှမ်းမိုးမှု စတင်ခဲ့ပါတယ်။ ၁၉ ရာစုအစောပိုင်းမှာတော့ ဗြိတိသျှတို့ဟာ သြစတြေးလျနယ်မြေတွေကို စတင်ထိန်းချုပ်ဖို့ ကြိုးစားလာခဲ့ပါတယ်။ ၁၉၀၁ ခုနှစ်မှာတော့ နယ်မြေ ၆ ခုကို ပူးပေါင်းလိုက်ပြီး သြစတြေးလျ ဓနသဟာယ နိုင်ငံဆိုပြီး ဖြစ်လာခဲ့ပါတယ်။

ဩစတြေးလျတိုက်တွင် သဘာဝပေါက်ရောက်သော အပင်နှင့် တွေ့ရှိရသောတိရစ္ဆာန်များမှာ အခြားဒေသ၌တွေ့ရခဲ သော အပင်နှင့် တိရစ္ဆာန်များဖြစ်ကြပါတယ်။ ဩစတြေးလျတိုက် အလယ်ပိုင်းကုန်းမြေမြင့်ကြီး တစ်ခုလုံးနှင့် အဲရာရေအိုင်ပတ်ဝန်းကျင်ရှိ မြေနိမ့်ဒေသတစ်ဝိုက် လုံးသည် သဲကန္တာရဒေသဖြစ်ပြီး ရှားစောင်းပင်၊ ဆူးရှိသော မြက်ပင်၊ ခြုံဖုတ်များ စသည် ကြိုးကြားပေါက်ရောက်နေတတ်ပါတယ်။

သြစတြေးလျတိုက်မှာ သက်ရှိသတ္တဝါ အမျိုးအစားလည်း စုံလင်စွာရှိပါတယ်။ ကမ္ဘာပေါ်မှာတွေ့ရသမျှ နို့တိုက်သတ္တဝါအားလုံးရဲ့ ၈၃% ၊ တွားသွား သတ္တဝါအားလုံးရဲ့ ၈၃% ၊ ငါးအမျိုးအစားအားလုံးရဲ့ ၂၄% နဲ့ ကုန်းနေရေနေ သတ္တဝါ အားလုံးရဲ့ ၉၃% ကို သြစတြေးလျ တတိုက်ထဲမှာ ရှိနေပါတယ်။

ကိုးကွယ်ယုံကြည်မှု အနေနဲ့ကတော့ ခရစ်ယာန်ဘာသာကို အများဆုံး ကိုးကွယ်ကြပြီး ဗုဒ္ဓဘာသာ ၊ ဟိန္ဒူ ၊ အစ္စလာမ် နဲ့ ရိုးရာကိုးကွယ်ယုံကြည်သူ အနည်းငယ်လည်း နေထိုင်ကြပါတယ်။

၁၉၄၅ ခုနှစ်က ဝန်းကျင်က သြစတြေးလျမှာ လူဦးရေ ၇သန်းကျော် ရှိခဲ့ရာကနေ နောက်ပိုင်းမှာတော့ ဥရောပသားများသာမက အာရှ နဲ့ ဥရောပမဟုတ်တဲ့ နိုင်ငံတွေကနေပါ ပြောင်းရွှေ့နေထိုင်သူများလာခဲ့ရာကနေ သြစတြေးလျနိုင်ငံဟာ ယဉ်ကျေးမှုပေါင်းစုံတဲ့ နိုင်ငံဖြစ်လာခဲ့ပါတယ်။

ဆစ်ဒနီ နဲ့ မဲလ်ဘုန်းလိုမြို့ကြီးတွေမှာတော့ စုံလင်တဲ့ ယဉ်ကျေးမှုတွေကို မြင်တွေ့ရမှာဖြစ်ပါတယ်။ ဒီမှာနေထိုင်သူစုစုပေါင်းရဲ့ ၃ပုံ ၁ပုံ ခန့်က အခြားနိုင်ငံတွေမှာ မွေးဖွားခဲ့ပြီးမှ ပြောင်းရွှေ့လာသူတွေဖြစ်ပါတယ်။ ဆစ်ဒနီမှာပဲ ပြောဆိုသုံးစွဲတဲ့ ဘာသာစကားပေါင်းက ၂၅၀ ခန့် ရှိနေပါတယ်။

သြစတြေးလျတိုက်မှာ သြစတြေးလျ တနိုင်ငံတည်းသာ ကမ္ဘာ့အဆင့်မီ နိုင်ငံဖြစ်ပါတယ်။ သြစတြေးလျနိုင်ငံဟာ ကမ္ဘာ့စီးပွားရေးအတောင့်တင်းဆုံးနိုင်ငံ တနိုင်ငံဖြစ်ပြီး ဒီနိုင်ငံသားတွေရဲ့ ဝင်ငွေဟာ ယူကေ ၊ ကနေဒါ ၊ ဂျာမနီတို့လို နိုင်ငံကြီးတွေမှာ နေထိုင်သူတွေထက် ပိုမိုများပြားပါတယ်။

တွင်းထွက်သတ္တုများအနေနဲ့ ရွှေ နဲ့ ကျောက်မီးသွေးတို့ အများဆုံးထွက်ရှိပြီး ကြေးနီ၊ ငွေ၊ ခဲ၊ သံ၊ သွပ်၊ ပလက်တီနမ်၊ သံဖြူ၊ မက်ဂနီဆိုက်နှင့် ရွဲ တို့လို အဖိုးတန် တွင်းထွက်သတ္တုတွေလည်း များစွာ ထွက်ရှိပါတယ်။

သတ္တုတူးဖော်ရေးအပြင် စိုက်ပျိုးရေး ၊ မွေးမြူရေး ၊ သစ် နဲ့ အုန်းဆီထုတ်လုပ်ရေး ၊ ဆောက်လုပ်ရေး ၊ ဘဏ် နှင့် အာမခံ ၊ ကျန်းမာရေးစောင့်ရှောက်မှု ၊ နည်းပညာဝန်ဆောင်မှု လုပ်ငန်းများ နဲ့ ခရီးသွားလာရေး လုပ်ငန်းများကို လုပ်ကိုင်ကြပါတယ်။

Australia ဟူသောစကားလုံးသည် လက်တင်ဘာသာစကား australis မှ ဆင်းသက် လာတာဖြစ်ပြီး တောင်ပိုင်း “southern” ဟု အဓိပ္ပါယ်ရပါတယ်။

သြစတြေးလျမြို့တော်အဖြစ် ကင်ဘာရာကို မပြောင်းရွှေ့မီ မဲဘုန်းလ်မြို့ဟာ ၁၉၀၁ ခုနှစ်ကနေ ၁၉၂၇ ခုနှစ်အထိ သြစတြေးလျနိုင်ငံရဲ့ မြို့တော်ဖြစ်ခဲ့ဖူးပါတယ်။

သြစတြေးလျ ငှက်ကုလားအုတ်ပု လို့ခေါ်တဲ့ Emu ငှက်ဟာ အကောင်ကြီးပြီး မပျံနိုင်တဲ့ငှက်ဖြစ်ပါတယ်။ မပျံနိုင်ပေမယ့် ဒီငှက်တွေဟာ ၁ နာရီကို ၂၈ မိုင် အမြန်နှုန်းနဲ့ ပြေးနိုင်ကြပါတယ်။

ကမ္ဘာပေါ်မှာ သားပိုက်ကောင် အမျိုးအစား ၄ မျိုးရှိပြီး ဒါတွေကတော့ အနီရောင်သားပိုက်ကောင် ၊ အရှေ့ပိုင်းမီးခိုးရောင် သားပိုက်ကောင် ၊ အနောက်ပိုင်းမီးခိုးရောင် သားပိုက်ကောင် နဲ့ antilopine သားပိုက်ကောင် တို့ ဖြစ်ပါတယ်။

ဒီ ၄ မျိုးစလုံး သြစတြေးလျတိုက်မှာရှိနေပြီး အနီရောင်သားပိုက်ကောင်က အကြီးဆုံးအမျိုးအစားဖြစ်ပါတယ်။ အကြီးဆုံးအနေနဲ့ အရပ်အမြင့် ၆ပေ ၉လက်မ နဲ့ အလေးချိန် ပေါင် ၂၀၀ ခန့်ထိ ရှိပါသတဲ့။

ကမ္ဘာ့ အကြီးဆုံး သန္တာကျောက်တန်းကြီးဖြစ်တဲ့ မဟာ ဘယ်ရီယာ သန္တာကျောက်တန်းကြီး ဟာလည်း သြစတြေးလျတိုက်မှာပဲ တည်ရှိပါတယ်။ ဒီသန္တာကျောက်တန်းကြီးဟာ ဩစတေးလျနိုင်ငံ အရှေ့မြောက်ပိုင်း ကွင်းစလန်ပြည်နယ်ရဲ့ ကမ်းလွန် သန္တာပင်လယ်မှာ တည်ရှိနေတာဖြစ်ပြီး အလျား မိုင်ပေါင်း ၁၄၀၀ ခန့်ရှိကာ ဧရိယာ စတုရန်းမိုင်ပေါင်း ၁၃၃,၀၀၀ ခန့်ကြီးမားပါတယ်။

သြစတြေးလျကုန်းမကြီးဟာ အလွန်ကြီးမားပေမယ့် သြစတြေးလျသား ၉၀% ခန့်က ကမ်းရိုးတန်းဒေသတွေမှာပဲ နေထိုင်ကြပါတယ်။ အဓိက မြို့ကြီးတွေကလည်း ကမ်းရိုးတန်းမှာပဲ ရှိနေပြီး ကန္တာရဆန်တဲ့ အလယ်ပိုင်းမှာတော့ လူသူနေထိုင်ကြခြင်း မရှိပါဘူး။

သြစတြေးလျ ကွင်းစလန်နယ်ထဲမှာ ပါဝင်တဲ့ Fraser ကျွန်းကတော့ ကမ္ဘာပေါ်မှာ အကြီးဆုံး သဲသောင်ကျွန်းဖြစ်ပါတယ်။ အလျား ၇၆ မိုင် အကျယ် ၁၄ မိုင်ရှိတဲ့ ဒီကျွန်းဟာ သဘာ၀ ဆိုင်ရာ ကမ္ဘာ့အမွေအနှစ်နေရာတခုအဖြစ် ယူနက်စကိုရဲ့ သတ်မှတ်ခြင်းကို ခံထားရပါတယ်။

နယူးဂီနီကျွန်းမှာရှိတဲ့ မိုးသစ်တောကြီးဟာ အမေဇုန် နဲ့ ကွန်ဂို မိုးသစ်တောတွေပြီးရင် ကမ္ဘာပေါ်မှာ တတိယအကြီးဆုံးမိုးသစ်တောကြီး ဖြစ်ပါတယ်။ ဒီမိုးသစ်တောကြီးဟာ နယူးဂီနီကျွန်းကြီးရဲ့ ဧရိယာ စတုရန်းမိုင် ၁၈၀၀၀၀ ခန့်ကို ဖုံးလွှမ်းထားပါတယ်။

ပါပူအာ နယူးဂီနီ နိုင်ငံဟာ ကမ္ဘာပေါ်က သက်ရှိသဘာဝစုစုပေါင်းရဲ့ ၅% ခန့်ကို ထိန်းသိမ်းပေးထားပါတယ်။ အပင်မျိုးစိတ်ပေါင်း ၂သိန်းခန့် ၊ သန္တာမျိုးစိတ်ပေါင်း ၈၀၀ကျော် ၊ ငါးမျိုးစိတ်ပေါင်း ၆၀၀ ကျော် နဲ့ ငှက်မျိုးစိတ်ပေါင်း ၇၅၀ ကျော်ဟာ ဒီတနိုင်ငံထဲမှာပဲ ရှိနေပါတယ်။

ပါပူအာ နယူးဂီနီနိုင်ငံမှာ တိုင်းရင်းသား ဘာသာစကားခွဲပေါင်း ၈၀၀ ကျော်တောင်ရှိနေပြီး ဒါဟာ ကမ္ဘာ့ဘာသာစကား စုစုပေါင်းရဲ့ ၁၂% ဖြစ်ပါတယ်။ ဒါပေမယ့် ပုံမှန်ပြောဆိုသုံးစွဲကြခြင်း မရှိပဲ ဘာသာစကား အများစုဟာ ပြောဆိုသူ ၁ထောင်အောက်သာ ရှိပါတယ်။

သြစတြေးလျတိုက်က ထင်ရှားတဲ့နေရာတွေကတော့ Uluru-Kata Tjuta အမျိုးသားဥယျာဉ် ၊ ဆစ်ဒနီတံတား ၊ ဆစ်ဒနီ ကဇာတ်ရုံ ၊ Port Moresby (ပါပူအာနယူးဂီနီ) ၊ ပါပူအာနယူးဂီနီ အမျိုးသားပြတိုက် ၊ Lae စစ်သင်္ချိုင်း (ပါပူအာ)၊ Blue Mountains အမျိုးသားဥယျာဉ် ၊ ဘွန်ဒီကမ်းခြေ ၊ Kakadu အမျိုးသားဥယျာဉ် နဲ့ သားပိုက်ကောင်ကျွန်းတို့ဖြစ်ပါတယ်။

Leave a Comment

Your email address will not be published. Required fields are marked *