ဘင်္ဂလားပင်လယ်အော်အကြောင်း သိကောင်းစရာ

ဘင်္ဂလားပင်လယ်အော်သည် ကမ္ဘာပေါ်တွင် အကြီးဆုံး ပင်လယ်အော်ဖြစ်ပြီး အိန္ဒိယသမုဒ္ဒရာ၏ အရှေ့မြောက်ပိုင်းဒေသတွင် တည်ရှိသည်။

ပင်လယ်အော်ကြီးသည် တြိဂံပုံသဏ္ဍာန် နှင့် ဆင်တူပြီး ၊ အနောက်ဘက်တွင် အိန္ဒိယနိုင်ငံ၏ အရှေ့ဘက်ကမ်းရိုးတန်းဒေသ ၊ သီရိလင်္ကာနိုင်ငံ၏ ကမ်းရိုးတန်းဒေသ ၊ မြောက်ဘက်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ကမ်းရိုးတန်းဒေသ ၊ အရှေ့ဘက်တွင် ရခိုင်ကမ်းရိုးတန်းဒေသတို့ နှင့် ထိစပ်လျှက်ရှိသည်။

အရှေ့ တောင်ဖက်ရှိ အက်ဒမန်ကျွန်း နှင့် နီကိုဘာကျွန်းများသည် ဘင်္ဂလားပင်လယ်အော် နှင့် ကပွလီပင်လယ် (အက်ဒမန်ပင်လယ် ) ကို ခွဲခြားပေးထားသည်။

ပင်လယ်အော်ကြီး၏ အကျယ်ဆုံးနေရာသည် မိုင် ၁၃၀၀ ခန့်ရှိပြီး ပျမ်းမျှအကျယ် မိုင် ၁၀၀၀ ခန့် ရှိကာ ဧရိယာစတုရန်းမိုင် ၈၃၉ ၀၀၀ အထိ ကြီးမားကျယ်ပြန့်သည် ။ ပျမ်းမျှ ရေအနက် ပေ ၈၅၀၀ – ခန့် ရှိပြီး ၊ရေ အနက်ဆုံးနေရာမှာ ပေ ၁၅၄၀၀ အထိ ရှိသည် ။

ဂင်္ဂါမြစ် ၊ ပတ်ဒ်မာမြစ် (ဂင်္ဂါမြစ်၏ မြစ်လက်တက်)၊ မဂ်နာမြစ် နှင့် ဂျမူနာမြစ် ( ဗြဟ္မပုတ္တရမြစ်၏ မြစ်လက်တက်များ)၊ ဧရာဝတီမြစ်၊ ဂိုဒဗာရီမြစ်၊ မဟာနဒီမြစ်၊ ခရစ်ရှနမြစ်၊ ကာဗရီမြစ် စသည့် မြစ်ကြီးများနှင့် မြစ်ငယ်များစွာ တို့သည် ဘင်္ဂလားပင်လယ်အော်ထဲသို့ စီးဝင်သည်။ ထိုမြစ်ရေစီးဝင်မှု နှင့်အတူ အနယ်အနှစ် တန်ချိန် ၁၀၀၀ – ခန့် သည် နေ့ စဉ် ဘင်္ဂလားပင်လယ်ထဲသို့ စီးဝင်သည် ။

ဤဒေသတွင် မိုးဦး နှင့် မိုးနှောင်း အချိန်များတွင် တိုက်ခတ်တတ်သည့် လေပြင်းမုန်တိုင်းကို ဆိုင်ကလုံးမုန်တိုင်းဟု ခေါ်သည် ။ အိန္ဒိယနိုင်ငံမှ Chennai (Madras) ဆိပ်ကမ်း၊ ဘင်္ဂလားဒေ့ရှ်မှ စစ်တကောင်းဆိပ်ကမ်း ၊ သီရိလင်္ကာမှ ကိုလံဘိုဆိပ်ကမ်း ၊ ပို့ဘလဲယားဆိပ်ကမ်း ၊ မြန်မာနိင်ငံမှ စစ်တွေ ၊ ကျောက်ဖြူ ဆိပ်ကမ်းများသည် ဤဒေသ၏ အဓိက ပင်လယ်ဆိပ်ကမ်းများဖြစ်ကြပြီး အခြားဆိပ်ကမ်းများစွာလည်း တည်ရှိနေသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် အနောက်ဘင်္ဂလားပြည်နယ် တို့တည်ရှိရာ သမိုင်းဝင် ဘင်္ဂလားဒေသကို အစွဲပြု၍ ဘင်္ဂလားပင်လယ်အော်ဟူသော အမည် ရလာခဲ့ခြင်းဖြစ်သည်။ ဘင်္ဂလား သည် ထိုဒေသတွင် တည်ရှိခဲ့ဖူးသော ရှေးဟောင်းဘုရင့်နိုင်ငံတခုဖြစ်သည့် ဗန်ဂါ Vanga မှ ဆင်းသက်လာခဲ့ခြင်းဖြစ်သည်။ ဘင်္ဂလားပင်လယ်အော်ကို ရှေ့ခေတ်က ကလိင်္ဂပင်လယ် ဟု ခေါ်ဝေါ်ခဲ့ကြသည်။

ဘင်္ဂလားပင်လယ်အော်ထဲတွင် ကျွန်းပေါင်း ၅၀၀ ကျော် ရှိနေပြီး ကျွန်းစုစုပေါင်း၏ ၆.၅% တွင်သာ လူသူ အခြေချနေထိုင်ကြသည်။ Cheduba Island ဟုခေါ်သော မာန်အောင်ကျွန်းသည် ဘင်္ဂလားပင်လယ်အော်၏ အရှေ့မြောက်ဘက်တွင် တည်ရှိပြီး ရှင်သန်နေသော ရွှံ့မီးတောင်များရှိသည်။

ကမ်းခြေပေါင်းလည်း မြောက်များစွာ တည်ရှိနေပြီး ကော့ဇ်ဘဇာ၊ မရီနာ ၊ ပူရီ ၊ Digha ၊ Thoothukudi ၊ ငပလီ ၊ စစ်တွေ ၊ ငွေဆောင် နှင့် ချောင်းသာ ကမ်းခြေတို့သည် ထင်ရှားသည်။

ဘင်္ဂလားပင်လယ်အော် ဒေသသည် ကွဲပြားခြားနားသော ရေနေသက်ရှိပေါင်းစုံ ရှင်သန်နေထိုင်ကြသည်။ ကမ္ဘာပေါ်တွင် အကြီးဆုံး အဏ္ဏဝါဂေဟစနစ် ၆၄ ခု အနက် ၁ ခု အပါအဝင်ဖြစ်သည်။

Kerilia jerdonii ဟု အမည်ရသော ပင်လယ်ဂျပ်မြွေများသည် အရှည် ၃ပေ ဝန်းကျင်ရှိပြီး ဘင်္ဂလားပင်လယ်အော်တွင် ပေါများစွာ တွေ့ရတတ်သည်။ မျိုးတုံးရန် အန္တရာယ်နှင့်ကြုံနေသော olive ridley ရေလိပ်များကိုလည်း တွေ့ရတတ်သည်။ ပုလင်းပုံနှာခေါင်းလင်းပိုင်မျိုးနှင့် အခြားလင်းပိုင် အမျိုးအစားများလည်း ရှိသည်။ နီကိုဘာ ဇီဝနယ်မြေတွင်မှု အလွန်ကြီးမားသောပင်လယ်လိပ်ကြီးများနှင့် ရေငန်မိကျောင်းများ နေထိုင်ကျက်စားကြသည်။

ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်ခဲ့သော ဆိုင်ကလုန်းမုန်တိုင်းများအနက် ၁၉၇၀ တွင် တိုက်ခတ်ခဲ့သော Bhola ဆိုင်ကလုန်း သည် အဆိုးဆုံးဆိုင်ကလုန်းအဖြစ် မှတ်တမ်းဝင်ခဲ့သည်။ ၁နာရီ ၁၅၀မိုင် နှုန်းအထိ တိုက်ခတ်ခဲ့ပြီး လူ့အသက်ပေါင်း ၃သိန်း နဲ့ ၅သိန်းကြားကို ဆုံးရှုံးစေခဲ့သော မုန်တိုင်းကြီး ဖြစ်လေသည်။

ကမ္ဘာပေါ်တွင် ဖမ်းမိရသမျှငါးများစုစုပေါင်း၏ ၇% သည် ဘင်္ဂလားပင်လယ်အော်ထဲမှ ဖြစ်သည်။ နှစ်စဉ် ငါးတန်ချိန်ပေါင်း ၆ သန်းခန့် ဖမ်းယူနေခြင်းသည် ပင်လယ်အော်ကြီး၏ ဇီဝစနစ်ကို တဖြည်းဖြည်း ပျက်စီးလာစေသည်။

ဗြိတိသျှကုန်တင်သင်္ဘောကြီး Mornington ၊ အမေရိကန်ရွက်သင်္ဘောကြီး Eagle ၊ ပါကစ္စတန်ရေငုပ်သင်္ဘော PNS Ghazi နှင့် အခြားသင်္ဘောပေါင်းများစွာသည် ပင်လယ်အော်ကြီးထဲတွင် နစ်မြုပ်ပျက်စီးခဲ့ရသည်။ မြန်မာပြည်၏ ထင်ရှားသောပုဂ္ဂိုလ်တဦးဖြစ်သည် ဆရာကြီး ယုဒသန်(ဂျပ်ဆင်) သည် မော်လမြို့မြို့မှ သင်္ဘောဖြင့် ထွက်ခွာလာပြီး လမ်းတွင်ပင် ဆုံးပါးသွားရာ ပင်လယ်အော်ကြီးထဲတွင် ရေမြုပ်သင်္ဂြိုဟ်ခဲ့ရသည်။

အက်ဒမန်ပင်လယ် ( သို့) ကပွလီပင်လယ်
အိန္ဒိယသမုဒ္ဒရာ၏ ဆက်စပ်ပင်လယ်ဖြစ်ပြီး ပင်လယ်ကြီးသည် ဧရိယာစတုရန်းမိုင် ၂၁၈၀၀၀ – ကျော် ကျယ်ဝန်းသည် ။မြန်မာများက ကပ္ပလီပင်လယ်ဟုခေါ်သည် ။ မြန်မာနိင်ငံကို ဖြတ်ကျော်စီးဆင်းလာသည့်ဧရာဝတီမြစ် ၊ စစ်တောင်းမြစ် နှင့် သံလွင်မြစ်များသည် ထိုပင်လယ်ထဲသို့စီးဝင်သည် ။

ပင်လယ်ကြီး၏ အနောက်ဖက်တွင် Andaman နှင့် Nicobar ကျွန်း ၊ မြောက်ဖက် နှင့် အရှေ့ ဖက်တွင် မြန်မာနိင်ငံ ၊ ထိုင်းနိင်ငံ ၊ မလေးရှားနိင်ငံများ ၊ တောင်ဖက်တွင် အင်ဒိုနီးရှားနိင်ငံပိုင် ဆူမတ်ကြာကျွန်းများ တည်ရှိသည် ။ တောင်ဖက်ရှိ မလက္ကာရေလက်ကြားသည် ကပ္ပလီပင်လယ် နှင့် တောင်တရုတ်ပင်လယ်ကို ဆက်သွယ် ထားသည် ။

Academy Page , Softshool , Wikipedia

Leave a Comment

Your email address will not be published. Required fields are marked *