အကောင့်တုပြဿနာကလည်း ထင်တာထက် ပိုရှုပ်နိုင်ပါတယ်

အကောင့်တုပြဿာနာကြောင့် ဝယ်ဖို့ကိစ္စဆိုင်းထားတဲ့ အီလွန်မတ်စ်ဟာ အခုတစ်ခါမှာ Twitter ရောင်းဈေးကို ပြန်ညှိဖို့ စကားဦးသန်းလာပြီ ဖြစ်ပါတယ်။

ကုမ္ပဏီရောင်းဈေး လျှော့ပေးရေးကိစ္စဟာ ဘောင်အပြင်က မေးခွန်းမဟုတ်ဘူးလို့ အီလွန်မတ်စ်က ပြောလိုက်ပြီးနောက် Twitter ကုမ္ပဏီအတွက် ရောင်းဈေးကို ပြန်ညှိဖို့ မတ်စ်က စကားစလာတယ်လို့ Bloomberg သတင်းက တနင်္လာနေ့မှာ ဖော်ပြပါတယ်။ 

ရင်းနှီးမြှပ်နှံသူတွေဖြစ်တဲ့ Chamath Palihapitiya ၊ Jason Calacanis ၊ David Sacks နဲ့ David Friedberge တို့ ဆွေးနွေးကြတဲ့ မိုင်ယာမီကမ်းခြေက All-In နည်းပညာကွန်ဖရင့်မှာ မတ်စ်က အခုလို မှတ်ချက်ပေးလာတာ ဖြစ်ပါတယ်။ပြီးခဲ့တဲ့ သောကြာနေ့မှာ Twitter ပလက်ဖောင်းပေါ်က Spam နဲ့ Fake အကောင့်ပမာဏအကြောင်း ထုတ်ပြန်တဲ့ Twitter ရဲ့ အချက်အလက်နဲ့ တွက်ချက်မှုအပေါ် အီလွန်မတ်စ်က မေးခွန်းထုတ်ခဲ့ပြီး ကုမ္ပဏီဝယ်ဖို့ ကိစ္စလည်း ယာယီဆိုင်းငံ့သွားမယ်ဆိုပြီး ပြောကြားခဲ့ပါတယ်။ 

Twitter ပလက်ဖောင်းကို နေ့စဉ်သုံးစွဲသူ ၂၂၆ သန်းထဲမှာ အကောင့်တုအရေအတွက်ဟာ ၅% အောက်ပဲ ရှိတယ်ဆိုတဲ့ တွက်ချက်မှုကို မတ်စ်က သံသယရှိနေတာ ဖြစ်ပါတယ်။ တနင်္လာနေ့က အီလွန်မတ်စ်ရဲ့မှတ်ချက်ထဲမှာ Twitter သုံးစွဲသူအရေအတွက်ရဲ့ အနည်းဆုံး ၂၀% ဟာ အကောင့်တု Fake Users တွေ ဖြစ်မယ်လို့ ခန့်မှန်းတွက်ချက်ထားတယ်လို့ ဖော်ပြထားပါတယ်။ 

Twitter ကို ဒေါ်လာ ၄၄ ဘီလျံ နဲ့ ဝယ်မယ့်ကိစ္စကို အီလွန်မတ်စ် ရပ်ဆိုင်းမှာ ရင်းနှီးမြှပ်နှံသူတွေ စိုးရိမ်လာကြရာကနေ လူမှုကွန်ရက်ကုမ္ပဏီရဲ့ ရှယ်ယာဈေးဟာ တနင်္လာနေ့မှာ ၈.၂% အထိ ထိုးကျသွားခဲ့တယ်လို့ Bloomberg က ဖော်ပြပါတယ်။ မတ်စ်ဟာ Twitter ရှယ်ယာတစ်စု ၅၄.၂၀‌ ဒေါ်လာနှုန်းနဲ့ ဝယ်ဖို့ ကမ်းလှမ်းခဲ့ပေမယ့် နောက်ပိုင်းမှာ ကုမ္ပဏီဝယ်ဖို့ ကိစ္စအပေါ် ယာယီရပ်ဆိုင်း စောင့်ကြည့်သွားမယ်ဆိုပြီး ပြောထားပါတယ်။

image

တကယ်လို့ အီလွန်မတ်စ်အနေနဲ့ ကုမ္ပဏီကို သဘောတူညီချက်အတိုင်း မဝယ်ဖြစ်ရင်တော့ စာချုပ်ဖျက်သိမ်းခ ဒေါ်လာ ၁ ဘီလျံ ပေးရဖို့ ရှိပါတယ်။ လောလောဆယ် Twitter ကို ဝယ်ဖို့ Tesla ကားကုမ္ပဏီက မတ်စ်ရဲ့ ရှယ်ယာတွေ ထုတ်ရောင်းခဲ့တာကြောင့် ရှယ်ယာဈေးဟာ ၃၀% နီးပါးအထိ ထိုးကျသွားခဲ့ပါတယ်။ အီလွန်မတ်စ် စိတ်ပြောင်းပြီး အရောင်းအဝယ်ပျက်ရင်တော့ နှစ်ဖက်စလုံး အထိနာဖို့ပဲ ရှိပါတယ်။

Leave a Comment

Your email address will not be published.