အရေပြားကျန်းမာရေးအတွက် အထောက်အကူပြုခြင်း
အရေပြားအောက်တွင်ရှိသော ကော်လာဂျင် (Collagen) တစ်သျှူးများကြောင့် အရေပြားတင်းရင်း လှပခြင်းကို ဖြစ်စေပါသည်။ အသက်ကြီးလာလျှင် အဆိုပါ ကော်လာဂျင်ပမာဏမှာ လျော့နည်းလာသည့် အတွက် ပါးရေတွန့်ခြင်း၊ အရေပြား လျော့တွဲလာခြင်းတို့ ဖြစ်ရသည်။ အဆိုပါ ကော်လာဂျင်များ တည်ဆောက်နိုင်ရန်နှင့် မပျက်စီးဘဲ တာရှည်ထိန်းသိမ်းထားနိုင်ရန် ဗီတာမင် စီ လိုအပ်ပါသည်။ လိမ္မော်သီး အပါအဝင် အရည်ရွှမ်းသော သစ်သီးများတွင် ဗီတာမင် စီ ကြွယ်ဝစွာ ပါဝင်သဖြင့် အဆိုပါ ကော်လာဂျင်များ အသစ်ဖြစ်ပေါ်ရန်အတွက် လည်းကောင်း၊ ရှိပြီးသား ကော်လာဂျင်များ မပျက်စီးအောင် ထိန်းသိမ်းရာ၌လည်းကောင်း များစွာ အထောက်အကူပြုပါသည်။ ထို့ကြောင့် အသက်ကြီးသူများ အနေနှင့် လိမ္မော်သီးကို နေ့စဉ်စားပေးခြင်းဖြင့် အရေပြားတွန့်ခြင်းမှ ကာကွယ်ပေးနိုင်သည်။
ကင်ဆာရောဂါများမှ ကာကွယ်ပေးခြင်း
လိမ္မော်သီးတွင် ဗီတာမင် စီ နှင့် အခြားသော အင်တီအောက်ဆီဒင့်များ ကြွယ်ဝစွာ ပါဝင်သဖြင့် ခန္ဓာကိုယ်တွင်းရှိ ကင်ဆာဖြစ်စေနိုင်သော ဓာတ်ပစ္စည်းများနှင့် ဖရီးရယ်ဒီကယ်များ (Free radicals) ကို ချေဖျက်ပေးနိုင်စွမ်းရှိ၍ ကင်ဆာမဖြစ်အောင် ကာကွယ်ပေးနိုင်ပါသည်။ အမေရိကန်နိုင်ငံ၌ ထုတ်ဝေသော ဆေးပညာ ဂျာနယ်တစ်ခု (American Journal of Epidemiology) ၏ လေ့လာချက်အရ အသက် ၂ နှစ်အောက် ကလေးများကို လိမ္မော်သီး ပုံမှန်ကျွေးပါက ကလေးများတွင် ဖြစ်ပွားလေ့ရှိသည့် သွေးကင်ဆာ (Childhood Leukemia) ကို ကာကွယ်ပေးနိုင်သည်ဟု ဆိုပါသည်။ ထို့အပြင် အခြား ကင်ဆာများဖြစ်သည့် အူမကြီးကင်ဆာ ကာကွယ်ရေးတွင်လည်း များစွာ အထောက်အကူပြုပါသည်။ မည်သည့် ကင်ဆာအမျိုးအစားတွင်မဆို လိမ္မော်သီး စားပေးပါက အကျိုးရှိပါသည်။
ဆီးချိုသွေးချို ဝေဒနာသည်များ လိမ္မော်သီး စားသင့်/မသင့်
ဆီးချိုသွေးချို ဝေဒနာရှင်များ အနေနှင့် လိမ္မော်သီးကို အသင့်အတင့် စားနိုင်ပါသည်။ စားသုံးရာတွင် အမှည့်လွန်ပြီး ချိုလွန်းသော လိမ္မော်သီးများကို ရှောင်ကြဉ် ၍ အချဉ်ဓာတ်ရှိပြီး မှည့်ခါစ လိမ္မော်သီးများကို ရွေးချယ် စားသောက်ရပါမည်။ မြန်မာနိုင်ငံတွင် ကလော၊ အောင်ပန်းဒေသမှ ထွက်သော လိမ္မော်သီးဆိုလျှင် အခွံအစိမ်းရောင် မပျောက်သေးခင် စတင်ဝါခါစတွင် စားလျှင် အကောင်းဆုံးဖြစ်သည်။ အဝါရောင် များလေလေ အချိုဓာတ် များလေလေဖြစ်သည်။ ဆီးချိုဝေဒနာသည်များ တစ်နေ့လျှင် လိမ္မော်သီးတစ်လုံး စားပေးခြင်းဖြင့် သွေးတွင်းရှိ ဂလူးကို့စ်ပမာဏကို ထိန်းသိမ်းရာ၌ အထောက်အကူပြုသည်။ ထို့ကြောင့် အခြားကာဘိုဟိုက်ဒြိတ် ကြွယ်ဝသော အစားအစာများဖြစ်သည့် မုန့်ဟင်းခါး၊ ခေါက်ဆွဲ၊ ပေါင်မုန့်များစားမည့်အစား လိမ္မော်သီးစားခြင်းဖြင့် ဆီးချိုသွေးချို ရောဂါသည်များ အတွက် ပိုမိုအကျိုးရှိပါသည်။
Crd ဒေါက်တာခင်မောင်လွင် (FAME)
