PiSatYwat

ပိစပ်အစွမ်းနှင့် ပန်းနာရင်ကြပ်

ပိစပ်အစွမ်းနှင့် ပန်းနာရင်ကြပ်

လွန်ခဲ့သော ၁၀ နှစ် ခန့်က စကားပြောနေရင်းနဲ့ ကောက်ကာငင်ကာ လေရှူလို့ မရ အသက်ရှူကြပ်ပြီး သေမတတ် ဖြစ်နေခဲ့တဲ့ သူတဦးကို မိမိ ကိုယ်တိုင် တခါက ကြုံတွေ့ခဲ့ရဖူးပါတယ်။ မိမိမှာ ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိ၊ ကြောတွေ ရင်တွေ နှိပ်ပေးပြန်တော့လည်း လက်ကာပြ၊ သောက်စရာ ရှူစရာက နတ္ထိ၊ ပိုဆိုးတာက နေရာကလည်း မြန်မာပြည်မှာ မဟုတ်။ မိမိမှာ ထိုဝေဒနာကို လွှဲယူလို့ရရင် လွှဲယူလိုက်ချင်၍ ကိုယ် ကိုယ်တိုင်သာ ခံလိုက်ချင်ပါတော့တယ်။

ခဏနေတော့ သူ့အလိုလို ပြန်လည် အသက်ရှူ၍ ရသွားကာ သူ မဟုတ်တော့သလိုပါ။ နောက်မှ သိရတာ အဲ့ဒါ ပန်းနာရင်ကြပ် ရောဂါ၏ ဒဏ်ကို ခံစားရခြင်း ဆိုတာကိုပါ။ ထို ဝေဒနာရှင်မှာ ယခုထိ အရှင်း မပျောက်ဘဲ ဆေးခန်း မကြာခဏ ပြနေရပြီး ဂေါက်ဆေးဗူးကို အမြဲ ဆောင်ထားရလေ၏။

ယနေ့တွင် အမျိုးသမီးတဦး ကိုယ်တိုင် မိမိကို ပြောပြ၍ သူမ ကိုယ်တွေ့ ပန်းနာရင်ကြပ် အရှင်းပျောက်၊ အမြစ်ပြတ် ဆေးနည်းကို သိလိုက်ရပါ၏။ သူမ ၁၀ တန်း ကျောင်းသူဘဝ၌ ထိုရောဂါ ဝေဒနာ စဖြစ်ပါ တယ်။ နေ့စဉ် ညဘက်ဆို ရင်ကြပ်၍ အိပ်မရ၊ ခေါင်အုံးတွေ ၅ လုံးလောက် ဆင့်ပြီး ထိုင်လျက် မှောက် အိပ်ရပါတယ်။ အစားမှားလည်း ကြပ်၊ အအေးမိလည်း ကြပ် တော်တော် ခံရပါတယ်။ အမြဲလိုပင် ညွှန်သမျှ ဗမာဆေး၊ အင်္ဂလိပ်ဆေး (စတီးရွိုက် ဆေးများလည်းပါ) အကုန်သောက်၊ အစား ရှောင်သော်လည်း ခဏသာ သက်သာကာ ရင်လူးဆေးတွေလည်း အမြဲလိမ်း၊ ဂေါက်ဆေး ရှူနေသည့်ကြားမှ ‌ဆေးရုံ ၃ ကြိမ် တက်ခဲ့ရပြီး ထို ၃ ကြိမ် စလုံး အောက်ဆီဂျင်ပေး၊ အသက်ကယ်ဆေး ထိုးခဲ့ရ၍ အသက်လုခဲ့ရပါတယ်။

ဆရာကြီး သာဂဒိုး၏ ပိစပ်အစွမ်း အံ့မခမ်း စာအုပ် ဖတ်မိရာ အဲ့သည် စာအုပ်ထဲမှာ ပန်းနာရင်ကြပ် ရောဂါ ပျောက်တာ မပါသော်လည်း ထိုအပင်ကို သတိထားမိပြီး စိတ်ဝင်စားခဲ့၏။ ဒီရောဂါကို အမြစ်ပြတ် ပျောက်ချင်၍ ပိစပ်ပင် (အဖြူပွင့်မျိုး)၊ ကုန်းပိစပ်ကို ကိုယ်တိုင်ခူး၊ အပင်ရဲ့ အရိုး၊ အရွက်များ အားလုံးကို ရေစင်စင် ဆေး၊ အရိပ်ထဲ အခြောက်လှန်း၊ အမှုန့် လုပ်ကာ ပျားရည်စစ်စစ်ဖြင့် တေပြီး ပဲပြုတ်စေ့ (စားတော်ပဲ) အရွယ် အလုံးလေးတွေ လုပ်ပါတယ်။

တရက် တကြိမ်၊ ည အိပ်ရာဝင် ၅ လုံး သောက်ရာ ညဘက် ချွဲတွေ ထွက်လာပါတယ်။ ၅ ရက်ခန့် သောက်ပြီး လူက သွေးကြောတွေ စိမ်း၊ နားထင်ကြောတွေ ထောင်၊ မျက်နှာအမ်းလာကာ ယခင် သွေးတိုး မရှိပါဘဲ ယခု သွေးတွေ တိုးနေပါတယ်။ အဲ့ဒါနဲ့ တရက်ကို ၃ လုံးသာ သောက်၍ ၈ ရက်ခန့် အကြာမှာ တရက်ခြား ၃ လုံးပဲ သောက်ပါတယ်။ စသောက်ပြီး ၂၃ ရက်ခန့် အကြာမှာ ရင် မကြပ်တော့ဘဲ ရောဂါရှင်းရှင်း ပျောက်ခဲ့ရကာ ယနေ့ထိ တိုင်အောင်ပါ။

ထို့နောက်ပိုင်း ပိစပ်ကို ဆက်ပြီး မသောက်တော့ပါ။ ယခု အသက် ၄၅ နှစ်ခန့် အရွယ်ပါ။ ပိစပ်ပင်ဆေးကို အလွန်အကျွံ သောက်သုံးပါက သွေးအရမ်းတိုးစေ၍ အစာအိမ်၊ ဥဏှောက်သွေးကြော ပေါက်တတ်ပါ တယ်။ ဆေး အပါအဝင် မည်သည့် အရာမဆို တန်ဆေး လွန်ဘေးမို့ ဉာဏ်ဖြင့် ယှဉ်ကာ ထိုဆေးကို မသောက်ခင် သေသေခြာခြာ လေ့လာ၍ ချင့်ချိန် သောက်သုံးလျင် အလွန်ကောင်းတဲ့ ဆေးဘက်ဝင်အပင် ဖြစ်ပါတယ်။ ရောဂါရှင်များ ကိုယ်တွင်း၊ ကိုယ်ပ ဝေဒနာများ သာမက သံသရာ တလျောက်လုံး ခံစား နေခဲ့ကြရသည့် ကိလေသာ ရောဂါဆိုးများမှ သက်သာ ပျောက်ကင်းပြီး ကာယိက ဒုက္ခ၊ စေတသိက ဒုက္ခများမှ ထာဝရ လွတ်မြောက်နိုင်ကြပါစေ။

Credit

Leave a Comment

Your email address will not be published. Required fields are marked *