Myit

ကျန်းမာရေးအတွက်အထောက်အကူပြုတဲ့မျှစ်

ကျန်းမာရေးအတွက်အထောက်အကူပြုတဲ့မျှစ်

ကြော်ပဲစားစား၊ သုပ်ပဲစားစား၊ ဟင်းရည်ပဲချက်စားစား၊ပြုတ်ပြီးတော့ အတို့အမြှုပ်အနေနဲ့ပဲစားစား စားလို့ကောင်းတဲ့ မျှစ်ကလေးက စားကောင်းရုံမှာတင်ပြီးမသွားပါဘူး။ ကျန်းမာရေးအတွက်လည်း အထောက်အကူပြုပေးနိုင်ပါသေးတယ်နော်။
စားလိုက်ရင် ခံတွင်းထဲမှာ ခပ်ရှိန်းရှိန်းလေးဖြစ်သွားတာကြောင့် မျှစ်စားရတာကို ကြိုက်တဲ့သူတိုင်း ဒီဆောင်းပါလေးကို ဖတ်ကြည့်သင့်တယ်နော်။

ဘယ်လိုအာဟာရဓါတ်တွေရရှိနိုင်လဲ
မျှစ်က ပရိုတင်းကြွယ်ဝသလို ကယ်လ်လိုရီပါဝင်မှုနည်းပါတယ်။ ကာဗိုဟိုက်ဒရိတ်လည်းပါဝင်နေပါတယ်။ သကြားဓါတ်ပါဝင်မှုနည်းသလို အဆီဓါတ်လည်းပါဝင်မှုနည်းပါတယ်။ ဒါတွေအပြင် အမျှင်ဓါတ်နဲ့ ဗီတာမင် A၊ ဗီတာမင် B အုပ်စု၊ ဗီတာမင် E၊ အမိုင်နိုအက်ဆစ်၊ ကယ်လ်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ ပိုတက်ဆီယမ်၊ ဆိုဒီယမ်၊ ဇင့်၊ မဂ္ဂနိ၊ ဆီလီယမ်၊ သံဓါတ်တို့ပါဝင်နေပါတယ်။

ကျန်းမာရေးအတွက် ဘယ်လိုအထောက်အကူပြုလဲ
အာရှနိုင်ငံအများစုမှာ နှစ်နှစ်ခြိုက်ခြိုက်စားသုံးတတ်ကြတဲ့ မျှစ်က အခုလိုကျန်းမာရေးအကျိုးကျေးဇူးတွေရရှိစေနိုင်ပါတယ်။

ကိုယ်အလေးချိန်ကျစေနိုင်တယ်
ကယ်လ်လိုရီ၊ ကာဗိုဟိုက်ဒရိတ် နဲ့ သကြားဓါတ်ပါဝင်မှုနည်းတာကြောင့် ဝိတ်တက်တာမျိုးကို မဖြစ်စေနိုင်ပါဘူး။
အမျှင်ဓါတ်လည်းကြွယ်ဝစွာပါဝင်နေတာကြောင့် အဆာခံနိုင်စေတဲ့အတွက် ဝိတ်ချနေသူတွေနဲ့ အထူးသင့်တော်မှာပါ။

နှလုံးကျန်းမာစေနိုင်တယ်
မျှစ်မှာသွေးတွင်းက အကျိုးမပြုကိုလက်စထရော (LDL)တွေကိုချေဖျက်ပေးနိုင်တဲ့ phytosterols နဲ့ phytonutrients တို့ပါဝင်နေတာကြောင့်သွေးတွင်းကိုလက်စထရောကိုကျစေပြီးသွေးကြောတွေထဲမှာသွေးစီးဆင်းမှုကိုကောင်းမွန်စေမှာအသေအချာပါ။ ခန္ဓါကိုယ်မှာသွေးစီးဆင်းမှုကောင်းစေနိုင်ပြီး နှလုံးအပါအဝင် ခန္ဓါကိုယ်တစ်ခုလုံးကို ကျန်းမာစေနိုင်မှာပါ။

သွေးတွင်းကိုလက်စထရောကို ထိန်းညှိပေးနိုင်တယ်
သုတေသနပြုလေ့လာမှုတွေအရ မျှစ်ကိုစားသုံးပေးတာကသွေးတွင်းက အကျိုးမပြုကိုလက်စထရောတွေကို ကျဆင်းစေနိုင်ပြီး ကိုယ်တွင်းအဆီတွေကိုချေဖျက်ပေးနိုင်ပြီး အူမကြီးလှုပ်ရှားမှုကိုကောင်းမွန်စေနိုင်ပါတယ်။

ကင်ဆာကာကွယ်ပေးနိုင်တယ်
မျှစ်မှာပါဝင်နေတဲ့ phytosterols က ကင်ဆာကာကွယ်ပေးနိုင်တဲ့ အာနိသင်ရှိပြီး အဆုတ်ကင်ဆာ၊ အစာအိမ်ကင်ဆာ၊ သားအိမ်ကင်ဆာ၊ ရင်သားကင်ဆာတွေမဖြစ်အောင်ကာကွယ်ပေးနိုင်သလို အမျှင်ဓါတ်ကြွယ်ဝမှုကြောင့် အူမကြီးကင်ဆာဖြစ်နိုင်ခြေကိုလည်း အထိရောက်ဆုံးလျှော့ချပေးနိုင်ပါတယ်။

ကိုယ်ခံအားကောင်းစေနိုင်တယ်
မျှစ်မှာပါဝင်နေတဲ့ ဗီတာမင် နဲ့ သတ္တုဓါတ်တွေက ကိုယ်ခံအားကိုကောင်းစေနိုင်ပြီး ခန္ဓါကိုယ်တွင်းကိုယ်ပမှာရောဂါကင်းနေစေဖို့ အထိရောက်ဆုံး အားဖြည့်ပေးမှာဖြစ်ပါတယ်။

ဝမ်းမှန်စေနိုင်တယ်
အမျှင်ဓါတ်ကြွယ်ဝတာကြောင့် အစာကြေစေနိုင်ပြီး ဝမ်းမှန်စေနိုင်ပါတယ်။ ဝမ်းချုပ်မှုကို ကင်းစေတာကြောင့် အစာခြေစနစ်ကျန်းမာစေဖို့ စားပေးသင့်တဲ့ အစားအစာတစ်ခုပါ။

နာကျင်ရောင်ရမ်းမှုကို သက်သာစေနိုင်ပါတယ်
မျှစ်က အရောင်ကျစေနိုင်သလို နာကျင်ကိုက်ခဲမှုကိုလည်း သက်သာစေနိုင်ပါတယ်။ အနာကျက်စေနိုင်တဲ့အာနိသင်လည်းရှိတာကြောင့် ခန္ဓါကိုယ်ပြင်ပကအနာတွေအတွက် အသုံးပြုလို့ရသလို ကိုယ်တွင်းမှာဖြစ်တဲ့ အနာတွေကျက်စေဖို့လည်း မျှစ်ကို စားပေးလို့ရပါတယ်။

အသက်ရှုလမ်းကြောင်းကို ကျန်းမာစေနိုင်တယ်
အသက်ရှုလမ်းကြောင်းဆိုင်ရာပြဿနာတွေအတွက် မျှစ်ပြုတ်ရည်ကိုသောက်သုံးပေးလို့ရပါတယ်။
လတ်လတ်ဆတ်ဆတ်ချိုးထားတဲ့ မျှစ်ကိုရေစင်အောင်ဆေးပြီး အိုးတစ်ခုထည့်လို့ရေအသင့်အတင့်ထည့်ပြီး ၅ မိနစ်ကြာပြုတ်ပါ။ ခဏ အအေးခံပြီးနောက်ထပ် ၁၀ မိနစ်ကြာထပ်ပြုတ်ပေးပါ။ ရလာတဲ့ပြုတ်ရည်ကို ပျားရည်နဲ့ရောစပ်လို့သောက်ပေးလို့ရပါတယ်။

အဆိပ်ပြေစေနိုင်တယ်
ရှေးအစဉ်အဆက်ကတည်းက အသုံးပြုခဲ့ကြတာပါ။ မျှစ်က အဆိပ်အတောက်ပြေစေနိုင်ပါတယ်။ မျှစ်ကို ကြိတ်ပြီးရလာတဲ့အရည်ကို အဆိပ်ရှိတဲံအကောင်ကိုက်ခံရတဲ့နေရာမှာ စွတ်ပေးလို့ရပါတယ်။ အဆိပ်ပြင်းလွန်းတဲ့အကောင်ကိုက်ခံရရင်တော့ ဆရာဝန်နဲ့ အမြန်ဆုံးပြသတာက အကောင်းဆုံးဖြစ်မှာပါ။

သွေးပေါင်ကျစေနိုင်တယ်
ပိုတက်ဆီယမ်ပါဝင်မှုကြောင့်သွေးပေါင်ကျစေနိုင်ပြီးသွေးပေါင်ချိန်ကို အကောင်းဆုံးထိန်းညှိပေးနိုင်ပါတယ်။ သွေးတိုးရှိသူတွေ စားသုံးပေးလို့ရပါတယ်။

မျှစ်ကကျန်းမာရေးအတွက် အကျိုးကျေးဇူးများပေမယ့်

ကိုယ်ဝန်ဆောင်မေမေတွေနဲ့တော့ မသင့်တော်ပါဘူး။ ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ မျှစ်ကို လုံးဝမစားသင့်ပါဘူး။

Credit hello sayarwon

Leave a Comment

Your email address will not be published. Required fields are marked *