ကိုယ်ဝန်ဆောင်နှင့်အုန်းရည်အကြောင်းသိကောင်းစရာ
ကိုယ်ဝန်ဆောင်တွေ ကို အုန်းရည်သောက်ခိုင်းတဲ့ အလေ့အထဟာ ကျမတို့မြန်မာနိုင်ငံမှာသာ မကတခြားနိုင်ငံတွေမှာပါ ခေတ်စားပါတယ်။ အုန်းရည်ဟာ သတ္တုဓာတ်တွေ ကြွယ်ဝတဲ့ အတွက် သာမန်လူတွေ အတွက်ရော ကိုယ်ဝန်ဆောင်တွေ အတွက်ပါ ကောင်းပါတယ်။ ချွေးထွက်များတဲ့ အခါ၊ ဝမ်းလျှောတဲ့ အခါ တွေမှာ သောက်ရင် မြန်မြန်အားပြည့်စေပါတယ်။ ဘယ်အရာမဆို တန်ဆေးလွန်ဘေး ဖြစ်တာကြောင့် အုန်းရည်ကိုလည်း ချင့်ချိန်သောက်ဖို့လိုပါမယ်။ အုန်းရည်ရဲ့အာဟာရတန်ဖိုးများ၊ အကျိုးကျေးဇူးများကို သိပ္ပံနည်းကျဖော်ပြသွားပါမယ်။ အုန်းရည် တစ်ခွက် ၂၄၀ စီစီ မှာ ၄၆ ကယ်လိုရီ၊ သကြား ၆.၄ ဂရမ်၊ အမျှင်ဓာတ် ၂.၆ ဂရမ်၊ ဆိုဒီယမ် ၂၅၂ မီလီဂရမ်၊ ပိုတက်ဆီယမ် ၆၀၀ မီလီဂရမ်၊ ကစီဓာတ် ၆.၉ ဂရမ် နဲ့ထုံးဓာတ် တစ်နေ့တာလိုအပ်ချက်ရဲ့ ၆% ပါဝင်ပါတယ်။ အုန်းရည်ဟာ အချိုရည်တွေနဲ့ စာရင် ကယ်လိုရီ နည်းတဲ့ အတွက် ကောင်းပါတယ်။ ပုံမှန် အချိုရည် တစ်ဘူးမှာ ၁၂၀-၂၀၀ ကယ်လိုရီခန့်ပါဝင်တာကြောင့် အချိုရည်တွေ သောက်မယ့် အစား အုန်းရည်သောက်တာ ကောင်းပါတယ်။ ကိုယ်ဝန်ဆောင်ချိန် ဆီးချိုတက်တဲ့ သူတွေလည်း အချိုရည် အစား အုန်းရည် ပြောင်းသောက်လို့ရပါတယ်။ ဆားဓာတ် ပါဝင်တာကြောင့် ကိုယ်ဝန်ဆောင်ချိန် ပျို့အန်ခြင်းကြောင့် ရေဓာတ်ဆားဓာတ် ဆုံးရှုံးတဲ့ သူတွေ သောက်သင့်ပါတယ်။ ဝမ်းလျှောဝမ်းပျက် ဖြစ်ရင်လည်း ဓာတ်ဆားနဲ့အတူ အုန်းရည်ပါ ဖြည့်သောက်လို့ရပါတယ်။ ကိုယ်ဝန်ရင့်လာတာနဲ့ အမျှ ဖြစ်တတ်တဲ့ ရင်ပူတာနဲ့ဝမ်းချုပ်တာကိုလည်း သက်သာစေပါတယ်။
အရည်ဓာတ်၊ အမျှင်ဓာတ်ပြည့်ဝတဲ့ အတွက် ဝမ်းမှန်စေပါတယ်။ ကိုယ်ခံအားကို လည်း တက်စေနိုင်တာကြောင့် အလွယ်တကူ နှာစေးချောင်းဆိုး ဖြစ်ခြင်း၊ ဖျားနာခြင်း ကို ကာကွယ်ပေးပါတယ်။ ဒါပေမယ့် အုန်းရည်တစ်ခုပဲ သောက်ရမယ်လို့ မဆိုလိုပါဘူး။
ဘယ်အစားအသောက်ကမှ ပြီးပြည့်စုံတဲ့ အာဟာရကို မပေးနိုင်ပါဘူး။ အစားအစာတွေကို မျှတအောင် စားမှ အာဟာရ ပြည့်ဝမှာ ဖြစ်ပါတယ်။ လူတွေ ပြောပြောနေတဲ့ အုန်းရည်သောက်ရင် ကလေး အသားဖြူတယ် ဆံပင်သန်တယ်ဆိုတာတော့ မဟုတ်ပါဘူး။ မိဘမျိုးရိုး နဲ့ပဲ ဆိုင်ပါတယ်။ ကိုယ်ဆံပင်သန်ရင် ကလေးကလည်း ဆံပင်သန်မှာပါပဲ။ အဖေရော အမေရော ဖြူရင် ကလေးလည်း ဖြူပါမယ်။ အုန်းရည်ကတော့ မျိုးရိုးဗီဇ ကို မပြောင်းပေးနိုင်ပါဘူး။ တချို့ပြောတဲ့ အုန်းရည်သောက်ရင် ကိုယ်ဝန်ဆောင် အစာအိမ် အချဉ်ဓာတ်များတယ်ဆိုတာလည်း မဟုတ်ပါဘူး။ အုန်းရည်က သက်တောင် သက်သာစေတာပါ။ ကိုယ်ဝန်ဆောင်ချိန် မှာ ကလေးကြီးလာတာနဲ့အမျှ အစာအိမ်ကို ဖိတာကြောင့် အစာအိမ် အချဉ်ရည်တွေ အပေါ်ဆန်တက်ပြီး ရင်ပူရခြင်း ဖြစ်ပါတယ်။ အဆုံးသတ်ရမယ်ဆိုရင် အုန်းရည်ကကောင်းတယ် ဆိုတိုင်းလည်း နေ့တိုင်း အလွန်အကျွံသောက်တာမျိုး မလုပ်ပါနဲ့။ သင့်တင့်မျှတတဲ့ အာဟာရကသာ အမေ အတွက်ရော ကလေးအတွက်ပါ အကောင်းဆုံး ဖြစ်ပါတယ်။
credit